၀ါရှင်တန်- အိမ်ဖြူတော်ရှိ သမ္မတ အိုဘားမားအစိုးရနှင့် အတိုက်အခံ ရီပတ်ဘလီကန်ပါတီဝင်
ထိပ်တန်း ခေါင်းဆောင်များသည် ဇန်နဝါရီလ ၁ ရက်နေ့က သဘောတူညီချက်ရရှိသွား သဖြင့်
အမေရိကန်စီးပွားရေးကို တုံ့ဆိုင်းသွားစေနိုင်သော အခွန်မြင့်မားစွာ တိုးမြှင့်ကောက်ခံရေးကို
ရှောင်ရှားနိုင် ခဲ့ပြီး အသုံးစရိတ်ဖြတ်တောက်ရမှုကို ရွှေ့ဆိုင်းထားလိုက်နိုင်ခဲ့သည်။
လပေါင်းများစွာ ကြာမြင့်ခဲ့သော ဘဏ္ဍာရေးအကျပ်အတည်းနှင့် ပတ်သက်၍ အဖြေရှာရန်
သီတင်းပတ်ပေါင်းများစွာ အပြင်းအထန် ငြင်းခုံ မှုများ၊ နေ့ရက်ပေါင်းများစွာ တင်းတင်း
မာမာ တံခါးပိတ် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁
ရက်နေ့ စောစောပိုင်း တွင် 'ဘဏ္ဍာရေးချောက်ကမ်းပါးဟု တင်စားခေါ်ဝေါ်ခဲ့ကြသော ငွေကြေး
အကျပ်အတည်းကို ရှောင်ရှားရေး အငြင်းပွားဖွယ် အဆိုတစ်ရပ်ကို အမေရိကန်အထက်
လွှတ်တော်က ထောက်ခံမဲ၈၉ မဲ၊ ကန့်ကွက်မဲ ရှစ်မဲဖြင့် အတည်ပြုလိုက်နိုင်ခဲ့သည်။
ထိုအဆိုသည် ယခုအခါ အောက် လွှတ်တော်သို့ရောက်သွားပြီး အောက် လွှတ်တော်၌ ၁
ရက်နေ့ နှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်ကြရဦးမည်ဖြစ်ရာ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အတည်
ပြုပေးကြပါရန် သမ္မတအိုဘားမားက အောက်လွှတ်တော်ကို တိုက်တွန်းလိုက်သည်။
ဤအရေးယူလုပ်ဆောင်ရေး အဆိုကိုကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးက သဘောတူ
အတည်ပြုလက်ခံခဲ့လျှင် သမ္မတ ဘာရက်အိုဘားမား၏ ကြိုးပမ်းချက်ဖြစ်သော တစ်နှစ်
၀င်ငွေ ဒေါ်လာ လေးသိန်းခွဲကျော်သော အိမ်ထောင်စုများကို အခွန်တိုးကောက်ရေးအဆို
အောင်ပွဲခံသွားမည်ဖြစ်သည်။
သမ္မတအိုဘားမားက ထုတ်ပြန် ကြေညာရာတွင် "အခုကိစ္စမှာ ဒီမိုကရက်တွေရော၊ ရီပတ်
ဘလီကန်တွေပါ လိုချင်တာအားလုံး မရခဲ့ကြပေမယ့် ဒီ သဘောတူညီချက်ကတော့
ကျွန်တော် တို့နိုင်ငံအတွက် မှန်ကန်တဲ့လုပ်ရပ် တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အောက်
လွှတ်တော်အနေနဲ့ မဆိုင်းမတွ သဘောတူ အတည်ပြုပေးသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဤသဘောတူညီချက်အရ အစိုးရ အသုံးစရိတ်တွင် ဒေါ်လာ ၁၀၉ ဘီလျံ ဖြတ်တောက်ရမည့်
အရေးကို နှစ်လကြာရွှေ့ဆိုင်းထားလိုက်နိုင်သော်လည်း ဒီမိုကရက်အစိုးရနှင့် အတိုက်အခံတို့
ဖေဖော်ဝါရီလကုန်တွင် ထိပ်တိုက်တွေ့ကြရဦးမည်။ အိုဘားမားက-"ကျွန်တော်တို့ရဲ့ ဘတ်ဂျက်
လိုငွေ လျှော့ချဖို့ နောက်ထပ်လုပ်စရာတွေ ရှိပါသေးတယ်။ လုပ်ဖို့လည်းဆန္ဒရှိပါ တယ်"ဟု
ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းအရ ကွန်ဂရက်လွှတ်တော်က ထိုအဆိုကို သဘောတူလက်ခံ
လိုက်ပြီဟု သိရှိရ သည်။ (အေအက်ဖ်ပီ)

















