အိုင်ဗရီကို့စ်တွင် လူပိ၍ ၆၀ သေ

အိုင်ဗရီကို့စ်တွင် လူပိ၍ ၆၀ သေ

အဘစ်ဂျန်- အိုင်ဗရီကို့စ်နိုင်ငံ အဘစ်ဂျန်မြို့တော်တွင် နှစ်သစ်ကူးအကြို မီးရှူးမီးပန်းပစ်လွှတ်ပွဲ
သို့ ရောက်ရှိလာသော လူအုပ်ကြီး တိုးကြိတ်မှုကြောင့် လူ ၆၀ ထက်မနည်း သေဆုံးပြီး ဒါဇင်
ပေါင်းများစွာ ထိခိုက် ဒဏ်ရာရသွားခဲ့သည်။

ဒဏ်ရာရသော ကလေးများကို တွေ့မြင်ရပြီး အားကစားကွင်းအပြင် ဘက်တွင် လူသေ
အလောင်းများကို အာရ်တီအိုင် ရုပ်သံတွင် ဖော်ပြသည်ကို တွေ့ရသည်။ ကျန်ရစ်သော ဖိနပ်များ
နှင့်အဝတ်အစားများ တောင်ပုံရာပုံကို အားကစားကွင်းအတွင်း ရှိနေသည်။

"နှစ်သစ်ကူးနေ့မှာ တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ"ဟု သမ္မတ အလက် ဆိန်းအွာတာရာ
က အခင်းဖြစ်သည့် နေရာ၌ ပြောကြားခဲ့သည်။

ပျမ်းမျှ အသက် ၁၈ နှစ်ရှိသော လူ ၆၀ သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာ ရသူ ၂၀၀ ထက်
မနည်းရှိပြီး ၄၉ ဦးကို ကယ်ဆယ်ရေးသမားများက ကယ်တင်သွား၍ အခြားသူများသည် မိမိ
အစီအစဉ်ဖြင့် ဆေးရုံသို့သွားကြကြောင်း စစ်ဘက်ကယ်ဆယ်ရေး အဖွဲ့ခေါင်း ဆောင် ဒုတိယ
ဗိုလ်မှူးကြီး အစ်ဆာ ဆာကိုက သတင်းစာသမားများအား ပြောပြခဲ့သည်။ လူပေါင်း ၅၀,၀၀၀
ခန့်ရှိရာ အားကစားကွင်း၌ ပြွတ်သိပ်ကျပ်ညပ်နေသော လူအုပ်ကြီးကြောင့်အချင်းချင်းနင်းမိ
ကာ အသက်ရှူကျပ်၍ သေဆုံးကြခြင်းဖြစ်သည်ဟု ဆာကိုက ပြောသည်။

ဆန့်ကျင်ဘက်သွားနေသော လူတန်းကြီးနှစ်ခု ဆုံမိကြပြီး ယင်းသို့ ပြွတ်သိပ်ကျပ်ညပ်သည့်
လူအုပ်ကြီးဖြစ်သွားသည်ဆို၏။ (အေအက်ဖ်ပီ)