ဆီးရီးယား၏ အာလာဝိုက်နယ်မြေ အာဆတ် နောက်ဆုံးခိုလှုံရာ ဒေသဖြစ်နိုင်

ဆီးရီးယား၏ အာလာဝိုက်နယ်မြေ အာဆတ် နောက်ဆုံးခိုလှုံရာ ဒေသဖြစ်နိုင်

ဘေရွတ်- အသေအပျောက်များလှ သော ရင်ဆိုင်တိုက်ခိုက်မှုများ ၂၁ လ ကြာ ဖြစ်ပွားခဲ့ပြီးနောက်
လက်လျှော့ အရှုံးမပေးရန် ဆုံးဖြတ်ထားသည့် ဆီးရီးယားနိုင်ငံ၏ သမ္မတ ဘာရှာ အယ်လ်အာဆတ်
အတွက် နောက်ဆုံး ရွေးချယ်ရန်ကျန်ရှိသော လမ်းမှာ အကာအရံများ ထူထပ်စွာချထားသည့်
အာလာဝိုက်တို့ အများဆုံးနေထိုင်ရာ နယ်ကလေးမှ ဆုံးခန်းတိုင် ခုခံတိုက်ခိုက် ရန်သာဖြစ်ကြောင်း
ဆန်းစစ်လေ့လာသူများက ယုံကြည်ထားကြသည်။

သူပုန်များက မြောက်ပိုင်းနှင့် အရှေ့ ပိုင်းရှိ ကြီးမားကျယ်ပြန့်သော ဒေသကြီးများမှ တိုက်ထုတ်
လိုက်ပြီးနောက် ဆီးရီးယားတပ်များသည် ယခုအခါ ဒမတ်စကတ်မှ အလယ်ဗဟို ဟုမ်းစ်ပြည်နယ်
ဒေသထိ ရှည်လျားသော အဓိကကျသည့် ၀င်ရိုးတန်းကြီးနှင့် ကမ်းရိုးတန်း အာလာဝိုက်ပြည်နယ်
လေး၏ အတွင်းပိုင်း ဒေသတိုင် အမိအရ ဆုပ်ကိုင်ထားနိုင်ရန် အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။

၀ိုင်းဝန်း၍ ဖိတိုက်ခြင်းခံနေရသော အာဆတ်သည် ပြည်သူတို့အား ကြမ်းကြုတ်ရက်စက်စွာ
သတြ်ဖတ်ရစေကာမူ ၎င်း၏အာဏာကို ဆုံးခန်းတိုင် အောင် မလွတ်စတမ်း စွဲခိုင်ထားဦးမည်သာ
ဖြစ်ကြောင်း ကုလသမဂ္ဂက ပြည်သူပေါင်း ၆၀,၀၀၀ သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သော အချိန်
ကာလရှည်လျားစွာ ဖြစ်ပေါ်ခဲ့သည့် ဖမ်းဆီးနှိပ်ကွပ်မှု၊ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အရှေ့
အလယ်ပိုင်းရေးရာ ဝေဖန်ဆန်းစစ်သူ အဂ္ဂနက်စ်လယ်ဗာလွိုင်းက ဖွင့်ဟပြောကြားလိုက်သည်။

"ပိုမိုကြာရှည်စွာ အာဏာစွဲကိုင်ထား နိုင်လေ ဆက်လက်ပြီး အာဏာကို စွဲကိုင်ထားနိုင်စွမ်းရှိလေဟု
၎င်း ယုံကြည်လာလေ ဖြစ်လာဖွယ်ရှိပြီး ၎င်းသည် ယင်းသို့ပြုရာတွင် တစ်နိုင်ငံလုံးကို ပြန်လည်
သိမ်းယူခြင်းဖြင့်မဟုတ်ဘဲ ဟုမ်းစ်ပြည်နယ်နှင့် အာလာဝိုက် တောင်တန်းတွေသွားရာ အဓိက
လမ်းဆုံ လမ်းခွဖြစ်တဲ့ ဒမတ်စကတ်ကို စွဲမြဲချုပ်ကိုင်ထားခြင်းသာဖြစ်ကြောင်း" ၎င်းက ဆက်လက်
ပြောကြားသည်။

၀ါရှင်တန်ရှိ အရှေ့အလယ်ပိုင်း မူဝါဒရေးရာ အင်စတီကျုမှ ဝေဖန်ဆန်းစစ်သူ အင်ဒရူးတက်ဘလာ
၏ အဆိုအရ ဘာရှာအဖို့ ရွေးချယ်ရန် လမ်းမှာ ဒမတ်စကတ်တွင် အခိုင်အမာ ရပ်တည်နေရန်သာ
ဖြစ်ပြီး ၎င်းမှတစ်ဆင့် ဆုံးရှုံးသွားသော ဒေသများကို ပြန်လည် သိမ်းပိုက်ရန်သာဖြစ်သည်။

သို့မဟုတ် ပါကလည်း ဆီးရီးယား ဆိပ်ကမ်းဒေသ တစ်လျှောက်ရှိ အာလာဝိုက်ဒေသက အဓိက
လွှမ်းမိုးထားသော ဒေသကြီးကို ပြန်လည်တည်ထောင်ရန်ဖြစ်သည်။

"အစိုးရအဖွဲ့ဟာ နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းကနေ မကြာမီ တွန်းထုတ်ခံရမှာဖြစ်ပါတယ်။
ဒါပေမယ့် ရန်သူ တွေဟာ ပိုမိုများပြားတဲ့ အမြောက် ဒုံးကျည်နဲ့ ဓာတုလက်နက်တွေနဲ့ ရင်ဆိုင်ရပြီး
မှသာ ၎င်းတို့ကို တွန်းထုတ်နိုင်မှာ ဖြစ်ပါတယ်"ဟု တက်ဘလာက ဆက်လက်ပြောကြားသည်။

လယ်ဗာလွိုင်းက အာဆတ်သည် အာလာဝိုက်ဒေသသို့ ပြောင်းရွှေ့ဖို့ ရွေးချယ်ခြင်းမပြုမီ ဒမတ်
စကတ်ကို လပေါင်းများစွာ စွဲမြဲချုပ်ကိုင်ထားနိုင် စွမ်းရှိကြောင်း ပြောကြားလိုက်သည်။

အာလာဝိုက်ဒေသသည် ၎င်းနှင့် ရှီးယား မွတ်စလင်ဂိုဏ်းကွဲဝါဒ ယုံကြည်မှုချင်း တူညီသော ကမ်း
ခြေဒေသဆိုင်ရာ အခိုင်အမာ တပ်စခန်းများရှိရာ ဒေသဖြစ်သည်။

ဆီးရီးယားစစ်တပ်သည် ဆိပ်ကမ်းမြို့ ကြီးများဖြစ်သော လာတာကီးယားနှင့် တာတပ်စ်မြို့ကြီး
နှစ်မြို့ကြားရှိ အာလာ ၀ိုက်တောင်တန်း တစ်လျှောက် လက်နက်ခဲယမ်းသိုက်များ ၂၀၁၁ ခုနှစ်
မတ်လ ပုန်ကန်ထကြွမှုများမပေါ် ပေါက်မီကာလကြာမြင့်စွာကတည်းက ရှိသည်ဟူသောအချက်မှာ
ဖုံးကွယ်မရသည့် လျှို့ဝှက်ချက်များဖြစ်ကြောင်း ဆီးရီးယားနိုင်ငံသားများနှင့် ဝေဖန်ဆန်းစစ်သူများ
က ပြောကြားသည်။

အဆိုပါ လက်နက်သိုက်များကို ဒမတ်စကတ်အစိုးရအား သစ္စာခံသည့် တပ်သား ၁၂၀,၀၀၀ တို့
ယခုတိုင် အသုံးပြုရခြင်းမရှိသေးကြောင်း ဝေဖန်ဆန်းစစ်သူများ အဆိုအရသိရှိရသည်။

များမကြာမီက ကုလသမဂ္ဂ ကြေညာချက်တွင် ပြည်သူ ၆၀,၀၀၀ ကျော်တို့ သေကျေပျက်စီးခဲ့ကြပြီး
ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းက အာဆတ်အား အဟန့်အတား တစ်စုံတစ်ရာပြနိုင်ဖွယ်မရှိပေ။

"သူဟာ မြေလှန်တိုက်ခိုက်မှုစနစ် အယူအဆပေါ်မှာ ယုံကြည်အားထား နေသူဖြစ်ပြီး ပြည်သူပေါင်း
၃၀၀,၀၀၀ သေကျေပျက်သုဉ်းခြင်းကိုပင် ဂရုပြုမယ့် သူမဟုတ်ဘူး"ဟု လယ်ဗာလွိုင်းက ပြောကြား
သည်။

(အေအက်ဖ်ပီ)