ဂျကာတာ - မျိုးသုဉ်းမည့်အန္တရာယ် နှင့်ရင်ဆိုင်နေရသည့် အောက်ချင်းငှက် နှင့် သင်းခွေချပ်တို့၏
အစိတ်အပိုင်းများကို မှောင်ခိုထုတ်ရန် ကြိုးစားခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် တရုတ် နိုင်ငံသား
လေးဦး ဖမ်းဆီးခံခဲ့ရကြောင်း အရာရှိတစ်ဦးက ဇန်နဝါရီလ ရ ရက် နေ့တွင် ပြောကြားခဲ့သည်။
၎င်းတို့ကို တိရစ္ဆာန်အစိတ်အပိုင်းများထည့်ထားသော အိတ်များနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၏
အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကောက်ခွန်အရာရှိများက ဖမ်းဆီး
ရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒါရိုရီ ၀န်နီဒီပျူရိုက ပြော
ကြားခဲ့သည်။
"အောက်ချင်းငှက်နှုတ်သီး ၂၄၈ ခု၊ သင်းခွေချပ်အရေခွံ ၁၈၉ ခု တို့နဲ့အတူ သူတို့ကို ဖမ်းမိခဲ့တာပါ။
သူတို့ကို စစ်ဆေးမေးမြန်းကြည့်လိုက်တော့ ဒီတိရစ္ဆာန်အစိတ်အပိုင်းတွေကို တရုတ် တိုင်းရင်းဆေး
ဖော်ရာမှာ အသုံးပြုမယ်လို့ ယူဆရပါတယ်" ဟု ၀န်နီဒီပျူရိုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လကလည်း ဆူမာတြာကျွန်းမြောက်ပိုင်းရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင်
သင်းခွေချပ် ၈၅ ကောင်ကို အင်ဒိုနီးရှား အာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။
ယင်းတို့ကို အိတ်များထဲတွင် ထိုးထည့်ထားသော်လည်း အများစုမှာ အသက်ရှင် လျက်ရှိသည်။
(အေအက်ဖ်ပီ)

















