မာလီနိုင်ငံမြောက်ပိုင်းတွင် ပြင်သစ်တပ်များမြေပြင်ထိုးစစ်ဆင်

မာလီနိုင်ငံမြောက်ပိုင်းတွင် ပြင်သစ်တပ်များမြေပြင်ထိုးစစ်ဆင်

ဘာမာကို - အာဖရိက နိုင်ငံစုံကြား ၀င်စွက်ဖက်ရေးတပ်ဖွဲ့အတွက် နိုက်ဂျီး ရီးယားစစ်တပ်သည်
ဇန်နဝါရီလ ၁၆ ရက်နေ့က ရောက်ရှိလာမည်ဟု ယူဆရ သည့် အတောအတွင်းမှာပင် မာလီနိုင်ငံ
အတွင်းရှိ အစ္စလာမ်သူပုန်များကို ပြင်သစ်စစ်သားများက ယင်းတို့၏ ပထမဆုံးသော မြေပြင်ထိုးစစ်
ဖြင့် တိုက်ထုတ်ခဲ့သည်။

မာလီအစိုးရတပ်နှင့် ပြင်သစ်တပ်ဖွဲ့ များသည် သံချပ်ကာကားကြီးများဖြင့် မြို့တော်ဘာမာကို၏
မြောက်ဘက် မိုင် ၂၅၀ အကွာရှိ ဇန်နဝါရီလ ၁၄ ရက် နေ့တွင် သူပုန်များ၏ သိမ်းပိုက်ခြင်းခံခဲ့ရ
သော ဒိုင်ယာဘလီမြို့သို့ စစ်ချီသွား ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အခြားယာဉ်တန်းတစ်ခုသည်လည်း ဘာမာကိုမြို့ မြောက်ဘက် သို့ ထွက်ခွာသွားသည်ကို လူ
အများ မြင်တွေ့ခဲ့ကြသည်။

ပြင်သစ် တိုက်လေယာဉ်များသည် ဒိုင်ယာဘလီမြို့ပေါ်သို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်
ထားပြီးဖြစ် သော်လည်း သူပုန်များ ရှိနေဆဲဖြစ်သည်ဟု ဒေသဆိုင်ရာ လုံခြံုရေးသတင်း ရင်းမြစ်
တစ်ခုက ပြောသည်။

ဒူဘိုင်းမြို့သို့ ရောက်ရှိနေသည့် ပြင်သစ်သမ္မတ ဖရန်ဆွာအိုလန်းက ပြင်သစ်တပ်များသည်
မာလီနိုင်ငံတွင် အမြဲ နေသွားမည်မဟုတ်ဘဲ လုံခြံုရေး အခြေအနေများ ပြန်လည်ကောင်းမွန်လာ
၍ အကြမ်းဖက်သမားများကို ရှင်းထုတ်ပြီးသည်အထိ ရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနောက် အာဖရိက စစ်တပ်အကြီးအကဲများသည် ယခင် ပြင်သစ်ကိုလိုနီ
ဖြစ်ခဲ့ဖူးရာ မာလီ နိုင်ငံ၌ ကုလသမဂ္ဂလက်အောက်ခံ အင်အား ၃,၃၀၀ ရှိသော ဒေသဆိုင်ရာ
ကြားဝင်စွက်ဖက်ရေး တပ်ဖွဲ့အတွက် စီစဉ်ရန် ဘာမာကိုမြို့၌ တွေ့ဆုံခဲ့ကြကာ ယင်းတို့၏
ဆွေးနွေးမှုများကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြန်လည်စတင်မည့် အကြောင်းကိုလည်း အဖွဲ့ဝင်
တစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

မာလီနိုင်ငံတွင်းရှိ ပြင်သစ်နိုင်ငံသား ၆,၀၀၀ ကျော်ကို ကာကွယ်ရန်နှင့် မာလီ နိုင်ငံမြောက်ပိုင်း
ကန္တာရဒေသကြီးတွင် အစွန်းရောက်သူပုန်များ ခြေကုပ်ယူ၍ ဥရောပကို တိုက်ခိုက်မည့်ရန်မှ
ကာကွယ် ရေးအတွက် ကြားဝင်တိုက်ခိုက်မှုသည် အရေးတကြီး လိုအပ်သည်ဟု ပြင်သစ်
သမ္မတက ပြောသည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီး ယန်း အိဗ်စ်လေဒရီယန်က ဒိုင်ယာဘလီမြို့ တစ်ဝန်းတွင် မာလီ
တပ်ဖွဲ့များသည် အပြင်းအထန် တိုက်ပွဲဝင်လျက်ရှိကြောင်းနှင့် ပြင်သစ်တပ်များက ယင်းတို့ကို
ကူညီ တိုက်ခိုက်ပေးသွားမည်ဟု ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံ အမတ်ကြီး၏အဆိုအရ ကုလသမဂ္ဂ လုံခြံုရေးကောင်စီအဖွဲ့ဝင်
၁၅ နိုင်ငံသည် ဇန်နဝါရီလ ၁၄ ရက်နေ့က ပြင်သစ်၏ ထိုးစစ်အတွက် တညီတညွတ်တည်း
ထောက်ခံခဲ့ကြသည်။

သို့ရာတွင် ကုလ သမဂ္ဂနှင့်အကူအညီပေးရေး အေဂျင်စီ များသည် ပဋိပက္ခဒေသတွင် ပိတ်မိနေ
သည့်အရပ်သားများအတွက် စိုးရိမ် မကင်းဖြစ်ကြရကြောင်း ပြောကြသည်။ ယခုအချိန်အထိ
ပဋိပက္ခကြောင့် ဒုက္ခသည် ၁၄၄,၅၀၀ သည် အိမ်နီးချင်း နိုင်ငံများဖြစ်သော မော်ရီတန်းနီးယား၊
နိုက်ဂျာ၊ ဘူကီနာဖာဆိုနှင့် အယ်လ်ဂျီး ရီးယားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြပြီးဖြစ်ကာ ပြည်တွင်းရှိ
အခြားသော လူပေါင်း ၂၃၀,၀၀၀ သည်လည်း အိုးမဲ့ အိမ်မဲ့ဖြစ်ကြရကြောင်း ကုလသမဂ္ဂ လူသား
ချင်း စာနာထောက်ထားသော အေဂျင်စီအဖွဲ့က ဇန်နဝါရီလ ၁၅ ရက် နေ့တွင် ပြောသည်။

မာလီနိုင်ငံမြောက်ပိုင်း ဂါအိုမြို့၌ နေထိုင်သူတစ်ဦးက အစ္စလာမ်အစွန်း ရောက်များသည်
ဇန်နဝါရီလ ၁၅ ရက်နေ့ နှောင်းပိုင်းတွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လိုက်
သည် ဟုဆိုခဲ့သည်။

"သူတို့က ကျွန်တော်တို့ကို အစိုးရ စစ်တပ်နဲ့ဆက်သွယ်ပြီး သတင်းပေး တယ်လို့ စွပ်စွဲကြတယ်"
ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

(အေအက်ဖ်ပီ)