ဂျေရုဆလင်- အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ၎င်း၏ လီကွတ်နှင့်
ဘေတင်နျူး နှစ်ပါတီပေါင်း အင်အားစုအတွက် မဲပေးသူ အင်အား နည်းပါးသော်ငြားလည်း
ယင်းနည်းပါးမှုက ၎င်းအား ဇန်နဝါရီလ ၂၂ ရက်နေ့ မဲပေးပွဲတွင် အံ့အားသင့်လောက်အောင်
အနိုင်ရရှိခဲ့သူ ဗဟိုဝါဒီ ယက်ရှ်အေတစ်နှင့် မဟာမိတ်ပြုရန် တွန်းအားပေး လိမ့်မည်ဖြစ်ရာ
၎င်း၏ လက်ရှိရာထူးတွင် ဆက်လက်ရပ်တည်ဦးမည်ဟု မျှော်လင့်ရပေသည်။
မဲရုံမှထွက်လာသူများအား ကောက် ယူသည့် 'မဲရုံထွက်စာရင်း'အရ နေတန်ယာဟု၏ လီကွတ်
ပါတီနှင့် သဘောထားတင်းမာသည့် အမျိုးသား ရေးဝါဒီ ယစ္စရေးယယ်လ်ဘေတင်နျူး၏ ပါတီ
နှစ်ပါတီပေါင်း အင်အားစုသည် အမတ်နေရာ ၁၂၀ ရှိသော ကနက် ဆက်လွှတ်တော်တွင် ၃၁
မှ ၃၃ နေရာထိသာရရှိခဲ့သည်။ ယင်းသည် ယခင်ပြီးဆုံးသွားသော ညွန့်ပေါင်း အစိုးရအဖွဲ့တွင်
၄၂ နေရာထိရှိခဲ့ရာမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ယခင် ရုပ်/သံအစီအစဉ်မှူးဟောင်း ယာအီယာလာပစ် ၂၀၁၂ ခုနှစ်၊ ဧပြီလ တွင် တည်ထောင်
ခဲ့သော အလယ်လမ်းစဉ် ယက်ရှ်အေတစ်ပါတီသည် မဲပေးပွဲတွင် မျှော်လင့်မထားသော
အောင်မြင်မှု ရရှိခဲ့ပြီး အစ္စရေးနိုင်ငံ၏ ဒုတိယပါတီအဖြစ်သို့ လွှတ်တော် ကိုယ်စားလှယ် ၁၈ မှ
၁၉ ဦးဖြင့် ရောက်ရှိခဲ့ရာ လက်ဝဲယိမ်းလေဘာ ပါတီ၏ ကိုယ်စားလှယ် ၁၅ မှ ၁၇ ဦး ထက်ရှေ့
မှပြေးလျက်ရှိပေသည်။
၎င်းသည် လာပစ်အား တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး "ကျွန်တော်တို့ အစ္စရေးနိုင်ငံအတွက်
မြင့်မားတဲ့ လုပ်ဆောင်ဖွယ်တွေ ပူးပေါင်းလုပ်ဆောင်ကြဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာပါပြီ။
ရွေးကောက်ပွဲ မဲဆွယ်မှုတွေလည်း ပြီးဆုံးသွားပါပြီ။ ဒါကြောင့် ကျွန်တော် တို့အခု အစ္စရေးတစ်
နိုင်ငံလုံးရဲ့ အကျိုးအတွက် လက်တွေ့လုပ်ဆောင်မှုတွေ အပေါ် အာရုံစိုက်နိုင်ကြပါပြီ" ဟု
ပြောကြားလိုက်သည်။
ညတွင်းချင်းပင် ခံ့ညားသေသပ် သော ရုပ်အသွင်ဆောင်သည့် အစ္စရေး၏ ယခင်မီဒီယာစတား
ဖြစ်သူ လာပစ်သည် အစ္စရေးနိုင်ငံ ၀န်ကြီးချုပ်တစ်ဦး၏ ရာထူးတည်မြဲရေးကို အဆုံးအဖြတ်
ပေးနိုင်သည့် ပုဂ္ဂိုလ်ကြီးဘဝသို့ ရောက်ရှိခဲ့လေပြီ။
"အစ္စရေးနိုင်ငံမှာ အစစ်အမှန် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာအောင် လက်ဝဲနဲ့ လက်ယာ နှစ်ဖက်
စလုံးက သဘောထား အလယ်အလတ်ရှိသူ များအပါအဝင်ဖြစ်တဲ့ အကျယ်ပြန့်ဆုံး အစိုးရ
အဖွဲ့ ဖွဲ့စည်းဖို့ ကျွန်တော်နဲ့အတူ လက်တွဲဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါတယ်"ဟု လာပစ်က
တယ်လ်အဗစ် မဲဆွယ်ရေးအဖွဲ့ချုပ်တွင် ၎င်းကို အားပေးထောက်ခံသူများအား ပြောကြား
လိုက်သည်။
ယက်ရှ်အေတစ် ပါတီတွင် ဒုတိယ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရသူ ရှိုက်ပီရွန်
ကလည်း "ဒီပါတီဟာ လည်း အတွေးအခေါ် ပုံမှန်တွေးခေါ် တတ်သူတွေရဲ့ ပါတီဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အစ္စရေးမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အစ္စရေး
လူ့အဖွဲ့အစည်း တွင်းက ပေါင်းစပ်မှုတွေအားလုံး ပါ၀င်အောင် စုစည်းထားတာပါ"ဟု ပြောကြား
လိုက်သည်။ (အေအက်ဖ်ပီ)

















