အီဂျစ်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့် စိုးရိမ်စရာ အခြေအနေဖြစ်

အီဂျစ်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့် စိုးရိမ်စရာ အခြေအနေဖြစ်

ကိုင်ရို -  ရုပ်/သံ အစီအစဉ်မှူးတစ်ဦး ဖြစ်သည့် ဘက်ဆန်မ်ယူစွပ်ဖ်က ၎င်း၏ အပတ်စဉ်
ထုတ်လွှင့်နေကျ အစီအစဉ် တစ်ခုတွင် သမ္မတ မိုဟာမက်မော်စီကို သရော်သည့် ပြက်လုံး
များဖြင့် မနား တမ်း တင်ဆက်နေမှုကို ကိုင်ရိုမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ပြသ
ခဲ့ရာ ဆိုင်အတွင်း အားပေးထောက်ခံ သူများဖြင့် ပြည့်ကျပ်သွားခဲ့သည်။

သို့ သော်  ၎င်းမှာ သမ္မတကို စော်ကားမှုဖြင့် စွဲချက်တင်ခံနေရသည့် ရာထူးနေရာ အသီးသီးမှ
မီဒီယာလောကသားများ နည်းတူပင် စွဲချက်တင်ခံနေရသည်။ သတင်းထောက်များကို တရား
စွဲဆို သည့်အရေအတွက် တစ်ဟုန်ထိုးမြင့် တက်လာခြင်းကြောင့် သတင်းလွတ်လပ်
ခွင့်ပေးမည်ဟုဆိုသည့် သမ္မတ မော်စီ၏ ကတိကဝတ်မှာ သံသယဖြစ်စရာဖြစ်လာခဲ့သည်။

သတင်းလွတ်လပ်ခွင့်ပေးရေးမှာ  ၂၀၁၁ ခုနှစ်က ဟော့စနီမူ ဘာရက်ဖ်ကိုဖြုတ်ချခဲ့သည့် လူထု
အုံကြွမှုတွင် အဓိကတောင်းဆိုခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ မော်စီ သမ္မတရာထူး
ကို စတင် တာဝန်ယူချိန်မှစ၍ ပထမခြောက်လအတွင်း သမ္မတကို စော်ကားမှုဖြင့် တရားစွဲဆို
ထားသော အမှုများမှာ မူဘာရက်ဖ် အုပ်ချုပ်ခဲ့သောနှစ် ၃၀ အတွင်းကထက် လေးဆပိုများနေ
ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထင်ရှားသည့် ရှေ့နေတစ်ဦးဖြစ်သူ ဂမယ်လ်အိဒ်က နိုင်ငံပိုင်
၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် အာရမ်ကို ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲဆွယ်စဉ်အခါက သတင်းလွတ်လပ်ခွင့်ပေးမည်ဟု မော်စီက ကတိပြုခဲ့ပြီး ၎င်း၏
သမ္မတသက်တမ်းအတွင်း မည်သူ တစ်ဦးတစ်ယောက်၏ ရေးသားခွင့်နှင့် သဘောထားအယူ
အဆတို့ကိုမျှ တားမြစ်ပိတ်ပင်မည် မဟုတ်ဟုလည်း ကတိပေးခဲ့သည်။ သို့သော်လည်း မကြာ
သေးမီလများအတွင်းက တရားစွဲဆိုမှုများတိုးပွားလာသည်။

ထောင်ကျခဲ့ဖူးသော မော်စီက စိတ် ရောဂါခံစားနေရသူ တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း
ကြောင့် သမ္မတကိုစော်ကားမှုဖြင့် ၀ါရင့်သတင်းထောက် တစ်ဦးလည်းဖြစ် ရုပ်/သံ အစီအစဉ်မှူး
တစ်ဦးလည်းဖြစ်သူ မာမွတ်ဆာအိဒ်နှင့် ၎င်း၏ဧည့်သည် စိတ်ပညာရှင်မာနယ်လ် အိုမာတို့
တရားစွဲဆိုခံခဲ့ရသည်။

အီဂျစ်နိုင်ငံတွင် သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မည်သည့် ကန့်သတ် ချုပ်ချယ်မှုမျိုး
ကိုမဆို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် သတင်း
လွတ်လပ်ခွင့်ကို အလေးထားရန် အီဂျစ်အစိုးရ ကို ဆက်လက်တိုက်တွန်းသွားမည် ဖြစ်ကြောင်း
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနျူလန်က မကြာ
သေးမီ ကပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် သတင်းထောက်များအားပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)