သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို

သမ္မတအိုဘားမား ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို

၀ါရှင်တန်- သမ္မတ ဘာရက်အိုဘား မားသည် အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ်
ဒုတိယအကြိမ်မြောက် သမ္မတ သက်တမ်း တာဝန်ထမ်းဆောင်ရန် တရားဝင် ကျမ်းသစ္စာ
ကျိန်ဆိုပွဲကို ၀ါရှင်တန်ဒီစီတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

သမ္မတက ၎င်း၏မိန့်ခွန်းတွင် သူ၏ ရန်သူ ရီပတ်ဘလီကန်များအား အကြွင်းမဲ့အာဏာပိုင်စိုးရေး
မူဝါဒဖြင့် ရာသီဥတုပြောင်းလဲမှုပြဿနာ၊ လူဝင်မှု ကြီးကြပ်ရေးပြဿနာနှင့် သေနတ်ကိုင်
ဆောင်ခွင့် ထိန်းချုပ်မှုပြဿနာတို့နှင့် ပတ်သက်၍ ကိုင်တွယ်လုပ်ဆောင်မှု နှောင့်နှေးအောင်
မလုပ်ဆောင်ကြပါရန် သတိပေးလိုက်သည်။

၀ါရှင်တန်မြို့ ကက်ပီတောလ် အဆောက်အအုံကြီးရှေ့ရှိ ခန့်မှန်းခြေ ပရိသတ် တစ်သန်းခန့်
ရှေ့တွင် မိန့်ခွန်းပြောကြားရာ၌ "ဒီနိုင်ငံမှာ လွတ်လပ်မှုနဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ ကံကောင်းသူ
လူတစ်စုအတွက် သီးသန့်ထားတယ်လို့ ကျွန်တော်တို့မယုံကြည်ပါဘူး။ ကျွန်တော်တို့ဟာ
နှောင့်နှေးမနေဘဲ အဆုံးအဖြတ်ပေးဖို့ အချိန်ရောက်လာပါပြီ။ အကြွင်းမဲ့ အာဏာပိုင်စိုးရေးဝါဒ
ကို အခြေခံ သဘောတရားတွေလို့ ထင်မှတ်မှားလို့ မဖြစ်ပါဘူး။

နိုင်ငံရေးကို လူမြင်ကောင်းအောင်လုပ်တဲ့ ပွဲလမ်းသဘင် အခမ်းအနားနဲ့ အစားထိုးလို့မရပါဘူး။
အမနာပ အပုပ်ချဆဲရေးနေတာကို ကျိုးကြောင်းပြ ဆွေးနွေးငြင်းခုံမှုလို့ မယူဆနိုင်ပါဘူး။
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေဟာ ပြီးပြည့်စုံ ကောင်းမွန်မှာ မဟုတ်မှန်းသိသိနဲ့ပဲ လက်
တွေ့ လုပ်ဆောင်နေကြရတော့မှာ ဖြစ်ပါတယ်"ဟု အိုဘားမားကပြောသည်။

အမေရိကန်၏ ၄၄ ယောက်မြောက် သမ္မတဖြစ်ပြီး ပထမဆုံး လူမည်းသမ္မတဖြစ်သော
အိုဘားမားက ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ခရစ်ယာန်သမ္မာကျမ်း စာအုပ်ဟောင်း နှစ်အုပ်ပေါ်
တွင် လက်ကိုတင်၍ ကျိန်ဆိုခဲ့ရာ၌ သမ္မာ ကျမ်းစာတစ်အုပ်မှာ အမေရိကန်တွင် ကျွန်စနစ်ကို
အဆုံးသတ်ပေးခဲ့သော သမ္မတဟောင်း အေဗရာဟင် လင်ကွန်း တစ်ခါကပိုင်ဆိုင်ခဲ့သော
ကျမ်းစာအုပ် ဖြစ်ပြီး နောက်တစ်အုပ်မှာ လူ့အခွင့် အရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ မာတင်
လူသာကင်း (ဂျူနီယာ) ၏ ကျမ်းစာအုပ်ဖြစ်သည်။

ယခု အိုဘားမား ကျမ်းသစ္စာကျိန် ဆိုသောနေ့မှာ မာတင်လူသာကင်း၏ မွေးနေ့ဖြစ်ပြီး
အမေရိကန်ပြည်ထောင် စုတွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသောနေ့ဖြစ်သည်။

"ကျွန်တော်တို့ဟာ တခြားနိုင်ငံတွေနဲ့ မတူကွဲလွဲချက်တွေကို ငြိမ်းချမ်းသော နည်းနဲ့ ဖြေရှင်း
ဖို့ကြိုးစားရဲတဲ့ သတ္တိကို ပြသရမှာဖြစ်ပါတယ်။ ဒါဟာ ရင်ဆိုင် နေရတဲ့ အန္တရာယ်ကို မမြင်နိုင်
အောင် ရိုးအနေလို့မဟုတ်ပါဘူး။ တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းဟာ သံသယ တွေနဲ့ စိုးရိမ်
ကြောက်ရွံ့မှုတွေကို ရေရှည် ဖယ်ရှားပေးနိုင်လို့ဖြစ်ပါတယ်"

"အင်အားကြီးမားတဲ့ နိုင်ငံတစ်နိုင်ငံ ဟာ အားသေးပြီး ချည့်နဲ့တဲ့နိုင်ငံနဲ့ သူ့ လူတွေကို ဘဝရဲ့
အဆိုးရွားဆုံးအန္တရာယ်တွေ၊ ကံမကောင်းအကြောင်းမလှမှုတွေကနေပြီး အကာအကွယ်ပေးဖို့
ဆုံးဖြတ်ထားပါတယ်"

"အမေရိကန်ဟာ အင်အားချည့်နဲ့ သူတွေ၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု
ကင်းမဲ့နေသူတွေကို အကာအကွယ်ပေးရပါမယ်။ လူမျိုးနွယ်အားလုံး သာတူညီမျှရေး၊ လိင်တူ
ဆက်ဆံသူများရဲ့ အခွင့်အရေးနဲ့ ကလေးများကို သေနတ်နဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှ ဘေး
ကင်းလုံခြံုရေးကို လုပ်ဆောင်ပေးရပါမယ်"

"အမေရိကန်ကို ဘဝအခွင့်အလမ်း ကောင်းတွေရှိတဲ့မြေလို့ ယုံကြည်ပြီး ပြောင်းရွှေ့နေထိုင်
လိုကြတဲ့ သူတွေကို လက်ခံကြိုဆိုနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို ရှာဖွေကြရပါမယ်"
ဟု နက်နက်ရှိုင်းရှိုင်း အငြင်းပွားဖွယ် လူဝင်မှုကြီးကြပ်ရေး ပေါ်လစီကိုလည်း ထည့်သွင်း
ပြောကြားခဲ့သည်။

"ဒက်ထရွိုက်ရဲ့ လမ်းမတွေပေါ်မှာ အပလချီးယန်းတောင်ကုန်း ဒေသတွေမှာ၊ နယူးတောင်းမြို့ရဲ့
တိတ်ဆိတ်တဲ့ လမ်းကြားလေးတွေမှာ ကျွန်တော်တို့ရဲ့ ချစ်ခင်ဖွယ်ကလေးငယ်တွေဟာ
သေနတ်ကိုင် အကြမ်းဖက်အန္တရာယ် တွေက ကင်းဝေးအောင် မလုပ်ဆောင် နိုင်မချင်း
ကျွန်တော်တို့ရဲခရီးဟာ မပြီး ဆုံးသေးပါဘူး"

ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက် ၍ ရီပတ်ဘလီကန်အချို့ အဆိုးမြင်ဝါဒရှိနေကြပြီး နိုင်ငံရေး
နှင့် စီးပွားရေး အတားအဆီးများ ရှိနေသော်ငြား လည်း ကမ္ဘာကြီးပူနွေးလာမှု အန္တရာယ်
ကို ရင်ဆိုင်ကိုင်တွယ်ရန် သမ္မတ အိုဘားမား ကတိပြုထားသည်။ သမ္မတ၏ ညီညွတ်ကြရေး
အဆိုကို သူ၏ပြိုင်ဖက် ရီပတ်ဘလီကန်တွေက လည်း ကြိုဆိုကြသည်။

"သမ္မတရဲ့ ဒုတိယသက်တမ်းဟာ ကျွန်တော်တို့ ယနေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတွေကို
ကိုင်တွယ်ဖို့ အထူးသဖြင့် ပြည်ထောင်စု အသုံးစရိတ်နဲ့ ကြွေးမြီကိစ္စတွေကိုင်တွယ်ဖို့ အသစ်
က ပြန်စကြရမှာပါပဲ"ဟု ဆီးနိတ် လွှတ်တော် ရီပတ်ဘလီကန် လူနည်းစု ခေါင်းဆောင်
မစ်ချ်မက်ကော်နဲလ်က ပြောသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သူ ရီပတ်ဘလီကန် ဒုတိယ သမ္မတလောင်း
ပေါလ်ရိုင်ယင်ကလည်း သမ္မတ အိုဘားမားကို ချီးမွမ်းစကားပြောကြားရင်း "ကျွန်တော်တို့ဟာ
တစ်နိုင်ငံတည်းကို အလုပ်အကျွေးပြု နေကြတာပဲ။ ဒီနိုင်ငံက ပြင်ဆင်ဖို့ လိုအပ်နေဆဲနိုင်ငံလေ"
ဟု ပြောကြားသည်။

၂၀၀၈ ခုနှစ်က သမ္မတရွေးပွဲတွင် အိုဘားမားကို ရှုံးသွားသူ ရီပတ်ဘလီ ကန်အထက်
လွှတ်တော်အမတ် ဂျွန် မက်ကိန်းက "အထူးကောင်းမွန်တဲ့ မိန့်ခွန်းတစ်ခုပါ။ တင်ပြပုံအထူး
ကောင်းမွန်တာ ထင်ရှားပါတယ်။  ကျေရာကျေကြောင်း မှတ်ချက်စကားတွေလည်း ကျွန်တော်
တစ်ခုမှ မကြားမိပါဘူး"

မိန့်ခွန်းပြောကြားအပြီး သမ္မတ အိုဘားမားသည် အိမ်ဖြူတော်သို့မပြန်မီ ကွန်ဂရက်လွှတ်တော်မှ
အရေးကြီး ပုဂ္ဂိိုလ်များနှင့် ပုစွန်တုပ်ဟင်း၊ အမေရိ ကန်ပြောင်ရိုင်းသားဟင်းများဖြင့် အထူး
ညစာကို သုံးဆောင်ခဲ့သည်။

ညစာစားအပြီးတွင် အိမ်ဖြူတော်သို့ သမ္မတသစ် အခမ်းအနားလမ်း တစ်လျှောက်အတိုင်း
ပြန်လည်ထွက်ခွာသည့် စစ်တီးဝိုင်းဘင်ခရာအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့များ၊ စစ်တပ်စုအဖွဲ့များ
ချီတက်သွားသည်ကို ကျည်မဖောက်နိုင်သည့် ဗိုလ်ရှုခံနေရာမှကြည့်ရှုရင်း သမ္မတအိုဘားမား၊
ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်နှင့် အခြား ဂုဏ်သရေရှိ ပုဂ္ဂိုလ်များက လက်ခုပ်ဩဘာပေးခဲ့
ကြသည်။  (အေအက်ဖ်ပီ)