ဆစ်ဒ်နီ - အမေရိကန်တို့၏ နောက် မျိုးဆက်သစ် တိုက်လေယာဉ် F-35 တွင် အင်ဂျင်၌
အက်ကွဲကြောင်းဖြစ်ပေါ်သဖြင့် F-35 စမ်းသပ်ပျံသန်းမှု အားလုံးကို ရပ်ဆိုင်းထားခဲ့ရာမှ နောက်
၁၄ ရက်ခန့်အတွင်း ပျံသန်းမှုစတင်နိုင်တော့မည်ဟု ပင်တဂွန်စစ်ဌာနချုပ်မှ F-35 တိုက်လေယာဉ်
စီမံကိန်း ဒါရိုက်တာက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကုန်ကျစရိတ်ကြီးမားသော F-35၊ သို့မဟုတ် ပူးတွဲတိုက်လေယာဉ် Joint Strike Fighter (JSF)
ကို အမေရိကန် ထံမှဝယ်ယူရန် ကမ်းလှမ်းထားသော နိုင်ငံများထဲမှ အချို့မှာ လေယာဉ်ရရှိ နိုင်မည့်
အချိန် ကြန့်ကြာနှောင့်နှေးမှု များကြောင့် ရုပ်သိမ်းသွားကြပြီဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း
လေယာဉ်ကိစ္စဆွေးနွေးရန် ဩစတြေးလျသို့ ခေတ္တရောက်ရှိနေသည့် ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာဘော့
ဒန်က ပြောသည်။
အမေရိကန်စစ်ဘက်အတွက် F-35 တိုက်လေယာဉ်အစင်းပေါင်း ၂,၄၄၃ စင်းနှင့် ပြည်ပမှဝယ်ယူရန်
မှာကြားထားသော အခြားရှစ်နိုင်ငံအတွက် အစင်း သုံးရာ-လေးရာ ထုတ်လုပ်ရန် ပင်တဂွန်စစ်ဌာန
ချုပ်က ရည်ရွယ်ထားသည်။
ထိုရှစ်နိုင်ငံစီမံကိန်း၌ ဩစတြေးလျ၊ ဂျပန်နှင့် အစ္စရေးနိုင်ငံ တို့သည်လည်း ရင်းနှီးမြှုပ်နှံထားကြ
သည်။
F-35 လေယာဉ်အင်ဂျင်ကို စစ်ဆေးစဉ် အင်ဂျင်ပန်ကာရွက်၌ အက်ကွဲ ကြောင်းတွေ့ရှိရသဖြင့်
အင်ဂျင်ထုတ်လုပ်သော Pratt & Whitney ကုမ္ပဏီ သို့ ပြန်ပို့ခဲ့သည်။
ကယ်လီဖိုးနီးယား ပြည်နယ် အက်ဒွပ်လေယာဉ်စခန်းရှိ စမ်းသပ်ထုတ်လုပ်ထားသော F-35
လေယာဉ် ၅၁ စင်းစလုံးကို ပျံသန်းမှုရပ်ဆိုင်းထားခဲ့ရသည်။
ရေဒါရှောင်ကွင်းနိုင်သော F-35 မျိုးဆက်သစ် တိုက်လေယာဉ်များအပေါ် ပင်တဂွန်စစ်ဌာနချုပ်က
မျှော်မှန်းချက် မြင့်မားစွာထားခဲ့ပြီး အမေရိကန်တပ်များတွင် လက်ရှိအသုံးပြုနေသော တိုက်
လေယာဉ်များ၏ နေရာတွင် နောင်တစ်ချိန်၌ F-35 ဖြင့် အစားထိုးရန် ရည်မှန်းထားသည်။
ဩစတြေးလျက ၂၀၁၄ ခုနှစ်တွင် JSF နှစ်စင်းဝယ်ယူပြီး ၂၀၁၉-၂၀၂၀ တွင် နောက်ထပ် ၁၂ စင်း
၀ယ်ယူရန် ဖြစ်သည်။
ဩစတြေးလျသည် F-35 တိုက်လေယာဉ် ၁၀၀ ၀ယ်ယူရန် မူလက လျာထားခဲ့သော်လည်း
ဘတ်ဂျက်အနေအထားကြောင့် လျှော့ချရန် မနှစ်က ဆုံးဖြတ်ခဲ့သည်။
(အေအက်ဖ်ပီ)
















