၀ါရှင်တန် - ၂၀၁၁ ခုနှစ် လူထုအုံကြွမှု ကြီးဖြင့် လူ့အသက်ပေါင်းများစွာ ရင်းနှီးခဲ့ရသော
ဒီမိုကရေစီမူဝါဒများကို ကာကွယ် ပေးရန် အီဂျစ်သမ္မတ မိုဟာမက်မော်စီ တွင် တာဝန်ရှိသည်ဟု
သမ္မတဘာရက် အိုဘားမားက ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် သတိပေးပြောဆိုလိုက်သည်။
အီဂျစ်သမ္မတ မော်စီက မိမိသည် ဘာသာဝင်အားလုံးနှင့် အမျိုးသမီးများ အပါအဝင် အီဂျစ်နိုင်ငံ
သားအားလုံး၏ သမ္မတဖြစ်စေရပါမည်ဟူသော တာဝန် ယူပြောဆိုမှုကို သမ္မတအိုဘားမားက
ကြိုဆိုကြောင်း ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုကြရာတွင် ထည့်သွင်းပြော
ကြားခဲ့သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သည်။
ကာလကြာရှည်စွာ အီဂျစ်နိုင်ငံကို စိုးမိုးထားခဲ့သော အာဏာရှင်သမ္မတ ဟော့စနီမူဘာရက်ကို
ဖြုတ်ချခဲ့သည့် အာရပ်နွေဦးတော်လှန်ရေးကို ရည်ညွှန်းလျက် အီဂျစ်ပြည်သူတို့ ခက်ခက်ခဲခဲ
တိုက်ခိုက်ရယူခဲ့ရသော ဒီမိုကရေစီမူဝါဒ သဘောတရားများကို ကာကွယ် စောင့်ရှောက်ပေးရန်
သမ္မတ မော်စီတွင် တာဝန်ရှိကြောင်း သမ္မတ အိုဘားမား က အလေးထား ပြောဆိုခဲ့သည်။
အီဂျစ်နိုင်ငံတွင်းရှိ နိုင်ငံရေးအင်အားစုအားလုံးနှင့် ညှိနှိုင်းသဘောတူညီမှု ရယူပြီး နိုင်ငံရေးအပြောင်း
အလဲ ကြားကာလကို အောင်မြင်အောင် လုပ်ဆောင်သွားရန် သမ္မတအိုဘားမားက အီဂျစ်သမ္မတ
မော်စီကို တိုက်တွန်းလိုက်သည်။
၎င်းပြင် ခေါင်းဆောင်နှစ်ဦးသည် အီဂျစ်နိုင်ငံ၌ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်
အရေးကြီးပုံကို ဆွေးနွေးခဲ့ကြပြီး အီဂျစ်စီးပွားရေး ရေရှည်တိုးတက်ရေးအတွက် အထောက်အပံ့ပေး
မည်ဖြစ်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြံုရေးအတွက် အီဂျစ်ပါ၀င်လုပ်ဆောင်မှုကိုလည်း
ကြိုဆိုပါကြောင်း သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။
ကျင်းပတော့မည့် ပါလီမန်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုရှိမည်မဟုတ်ဟုဆိုကာ အဓိက
အတိုက်အခံဖြစ်သော 'အမျိုးသားကယ်တင်ရေးတပ်ဦး' (NSF) က သပိတ်မှောက်မည်ဟု ပြော
ထားသည်။
အမျိုးသားရေးဆွေးနွေးပွဲအဖြစ် သမ္မတမော်စီနှင့် ဆွေးနွေးရန်ကိုလည်း ငြင်းပယ်နေသည်။
ယမန်နှစ်က အီဂျစ်နိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင်
မွတ်စလင်ညီနောင်များပါတီက မဲအသာဖြင့်အနိုင်ရကာ မိုဟာမက်မော်စီ သမ္မတဖြစ်လာခဲ့သည်။
သို့ရာတွင် အီဂျစ်အစ္စလမ္မစ်လှုပ်ရှားမှုသည် အာဏာကို ချုပ်ကိုင်ထားရန် ကြိုးပမ်းနေသည်ဟု
အတိုက်အခံတို့၏ စွပ်စွဲချက်များထွက်ပေါ်နေသည်။
သမ္မတ မော်စီသည် ၎င်း၏ဆုံးဖြတ်ချက်များကို တရားရုံးချုပ်က ပြန်လှန် သုံးသပ်ဆုံးဖြတ်မှု မပြုနိုင်
ရန် ဥပဒေကို ပြင်ဆင်ပြီး အာဏာကို အပိုင်ကြိုးကိုင် နိုင်ရန် နိုဝင်ဘာ-ဒီဇင်ဘာလများ အတွင်းက
လုပ်ဆောင်လာခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ် ဂျွန်ကယ်ရီသည် မတ်လ ၂ ရက်နေ့တွင် အီဂျစ်သို့ သွား
ရောက်လည်ပတ်ပြီး ဒီမိုကရေစီ အောင်မြင်စေရန် တိုက်တွန်းသွားမည်ဖြစ်သည်။
(အေအက်ဖ်ပီ)

















