ဒမတ်စကတ် - ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် အလက်ပိုမြို့အစွန်ရှိ လူနေ
ဒေသတစ်ခုသို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နှောင်းပိုင်းက ဆီးရီးယားအစိုးရက မြေပြင်မှမြေပြင်
ပစ်သည့် ဒုံးကျည်ဟုယူဆရသည့် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၃၁ ဦးထက်မနည်း
သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆီးရီးယားမြို့တော်ရှိ သမ္မတ ဘာရှာအယ်လ်
အာဆတ်၏ အိမ်တော်များထဲမှတစ်ခုကို သူပုန်များဘက်မှ စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၈ ရက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများတွင် ကလေး ၁၄ ဦးနှင့် အမျိုးသမီး
ငါးဦးပါ၀င်ပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိကြောင်း ဆီးရီးယားလူ့အခွင့်အရေး
စောင့်ကြည့်လေ့လာသည့်အဖွဲ့ က ပြောကြားခဲ့သည်။
ဒုံးကျည်နှင့်ပစ်ခတ်ခံရစဉ်က ကောင်းကင်တွင် လေယာဉ်ပျံများ မတွေ့ရ ကြောင်း ဒေသခံများ၏
ပြောကြားချက် အရသိရပြီး ပျက်စီးမှုပမာဏကြောင့် ယင်းတိုက်ခိုက်မှုမှာ မြေပြင်မှမြေပြင်ပစ်သည့်
ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ရာမီအဗ္ဗဒလ်
ရာမန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
လူအမြောက်အမြားကို ဘေးလွတ် ရာသို့ ပိုမိုပြောင်းရွှေ့ပေးနိုင်ရန်အတွက် ရုရှားရေတပ်က မြေထဲ
ပင်လယ်သို့ စစ်သင်္ဘောလေးစင်း စေလွှတ်လိုက်သည်ဟုဆိုခြင်းကြောင့် ဆီးရီးယားရှိ ရုရှားလူမျိုး
ဒါဇင်ပေါင်းများစွာက ရုရှား နိုင်ငံက စေလွှတ်လိုက်သည့် လေယာဉ် တစ်စင်းဖြင့် ထွက်ခွာသွားပြီး
နောက် ထိုတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်သော ဆီးရီးယားတပ်မတော် (FSA) က
ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဟု ပြောကြားခဲ့သည်။
ဒမတ်စကတ်မြို့ရှိ ဆေးရုံနှစ်ရုံနှင့် Tishreen အိမ်တော်၏ တောင်ဘက်စွန်းရှိ အုတ်တံတိုင်းအနီး
နေရာတစ်ခုတွင် အမြောက်ဆန်များ ကျရောက် ပေါက်ကွဲခဲ့ပြီး အပျက်အစီးများဖြစ် ပေါ်ခဲ့ကာ
ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း အမည်မဖော်လိုသူအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး
နိုင်ငံပိုင်သတင်းဌာန ှဗဗြ က ဖော်ပြခဲ့သည်။
ဒမတ်စကတ်မြို့ အနောက်ဘက်ရှိ Tishreen အိမ်တော်မှာ ပုံမှန်အားဖြင့် ရာထူးဌာနန္တရကြီးသူများ
နေထိုင်ရာ နေရာဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေသည့် ၂၃ လတာ အတောအတွင်း အိမ်တော် တစ်ခု
အနားသို့ ထိုသို့ အမြောက်ဆန် ကျရောက်ပေါက်ကွဲခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း သမ္မတ
အာဆတ်၏ အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး သမ္မတ အာဆတ်ဘက်မှ လှုပ်ရှားဆောင်ရွက်မှုများကိုမသိရှိရသေး
ပေ။
(အေအက်ဖ်ပီ)

















