ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်း ဘဏ္ဍာရေးအကျပ် အတည်း ကြံုတွေ့နေရ

ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်း ဘဏ္ဍာရေးအကျပ် အတည်း ကြံုတွေ့နေရ

စာဖတ်သူဦးရေ လျော့ကျလာကာ ဆက်လက်ရပ်တည်ရန် အခက်အခဲ များနှင့်ရင်ဆိုင်နေရသည့်
ရီးဒါးဒိုင်ဂျက် မဂ္ဂဇင်း၏ မိခင်ကုမ္ပဏီကြီးသည် လေးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် (အမေရိကန်
ပြည်ထောင်စုရှိ ဒေဝါလီ ခံခြင်းဥပဒေ အခန်း ၁၁ ဟုလူသိများ သော) ဒေဝါလီမခံဘဲ ကြွေးမြီများ
တင်ရှိ လျက်ပင် ဆက်လက်လုပ်ကိုင်လည် ပတ်ခွင့်ကို တင်ထားရပြန်ပြီဖြစ်သည်။

RDA Holding Co သည် ခြောက်လ မတိုင်မီပင် အခန်း ၁၁ မှ ပြန်လည် ရုန်းထရန် ရည်ရွယ်ထား
ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ကာ ယင်းတို့၏ ပြုပြင်ပြောင်းလဲမှု ကြောင့်
အဆိုပါကာလ၌ ကုမ္ပဏီ၏ ကြွေးမြီများကို ၈၀ ရာခိုင်နှုန်း၊ သို့မဟုတ် အမေရိကန်ဒေါ်လာသန်း
၁၀၀ ထိ လျှော့ချသွားနိုင်မည်ဟုဆိုသည်။

ကုမ္ပဏီ သည် ယင်းကာလအတောအတွင်း မဂ္ဂဇင်းကို ဆက်လက် ထုတ်ဝေသွားမည်ဖြစ်သည်။

ကုမ္ပဏီအပေါ် တင်ရှိနေသည့် ဘဏ်ကြွေးများ အပြီးသတ်ပေးချေရမည့် ချေးငွေဒေါ်လာ ၁၀၅ သန်း
၏ အစိတ်အပိုင်းအဖြစ် မြီရှင်တစ်စုက ကုမ္ပဏီကို ဆက်လက်လည်ပတ်ရန် ဖော်ပြပါကာလအတွင်း
ဒေါ်လာ ၄၅ သန်း ပေးချေနေခဲ့ကြောင်း ရီးဒါး ဒိုင်ဂျက်ကုမ္ပဏီက ပြောသည်။

"ဒါဟာ ရီးဒါးဒိုင်ဂျက်အတွက် နောက်ဆုံးအခြေအနေ ဖြစ်ကောင်း ဖြစ်မယ်လို့ ကျွန်တော်ထင်ပါ
တယ်။ ကုမ္ပဏီဟာ စာဖတ်သူဦးရေနဲ့ ကြော်ငြာတွေ အရမ်းကိုကျနေပါတယ်" ဟု ဘောလ်စတိတ်
တက္ကသိုလ်မှ သတင်းစာပညာရပ်ဆိုင်ရာ ပါမောက္ခဒေးဗစ်ဆွမ်နာက ပြောသည်။

ကုမ္ပဏီသည် ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း ဖြေရှင်းမှုတချို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း
အေပီ သတင်းဌာနက ဖော်ပြခဲ့သည်။

"ဘဏ္ဍာငွေကျဆင်းလာသဖြင့် ရီးဒါး ဒိုင်ဂျက်သည် ယင်း၏ ပိုင်ဆိုင်မှုများ ကို ရောင်းချလာခဲ့သည်။
ယင်း၏ အစားအစာဝက်ဘ်ဆိုက် allrecipes.com ကို ယမန်နှစ်က ဒေါ်လာ ၁၇၅ သန်းဖြင့်လည်း
ကောင်း၊ Every Day with Rachael Ray အချက်အပြုတ် မဂ္ဂဇင်းကို ၂၀၁၁ ခုနှစ်တွင်လည်း
ကောင်း ရောင်းချခဲ့သည်" ဟု အေပီ သတင်းက ဆိုသည်။

အောဒစ်တက် မီဒီယာ၏အဆိုအရ ယမန်နှစ်ကုန်တွင် ရီးဒါးဒိုက်ဂျက် မဂ္ဂဇင်းအတွက် ငွေပေးသွင်း
၀ယ်ယူသောစောင်ရေမှာ သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး ၅ ဒသမ ၅ သန်းသာရှိတော့သည်။

၁၉၅၅ ခုနှစ်က စောင်ရေမှာ ၁၅ သန်း ကျော်ရှိသည်ဟုဆိုသည်။

(အင်န်ပီအာရ်)