ရီယတ် - ဆော်ဒီအာရေဗျနိုင်ငံ၏ ဘုရင့်အတိုင်ပင်ခံဖြစ်သော ရှူရာ ကောင်စီ (Shura Council)
တွင် ဆော်ဒီအမျိုးသမီး အယောက် ၃၀ နေရာရရှိပြီး ရီယတ် ဘုရင့်နန်းတော်၌ ဖေဖော်ဝါရီ လ ၁၉
ရက်နေ့က ဘုရင် အဗ္ဗဒူလာ ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြကာ ရှေးရိုးအလွန်ဆန်ပြီး သက်ဦး
ဆံပိုင် ဘုရင်အုပ်ချုပ်သည့် နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးများ နေရာ
ရရှိခြင်းဖြစ်သည်။
လုပ်ဖော်ကိုင်ဖက် အမျိုးသား ၁၃၀ နှင့်အတူ အခန်းတစ်ခန်းတည်းတွင် တစ်ပေါင်းတည်း နေရာယူ
ကာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။
"နိုင်ငံဖွံ့ဖြိုးရေးအတွက် ကျွနု်ပ်တို့ အားလုံးပျော့ပျောင်းညင်သာစွာနဲ့ အတူ လက်တွဲလုပ်ဆောင်နေ
ကြပါတယ်" ဟု ဘုရင်အဗ္ဗဒူလာက နိုင်ငံပိုင်ရုပ်မြင်သံကြားတွင်ထုတ်လွှင့်သော အတိုချုပ်ရှင်းလင်း
ချက်တွင် ပြောကြားခဲ့သည်။
တက္ကသိုလ်မှဘွဲ့ရများ၊ လူ့အခွင့် အရေးလှုပ်ရှားသူများနှင့် ဘုရင့်မျိုးနွယ်ဝင် မင်းသမီးနှစ်ပါးပါ၀င်
သည့် အမျိုးသမီးများအား ဆော်ဒီအတိုင်ပင်ခံ ကောင်စီအဖြစ် လူသိများသောအဖွဲ့၌ အမှုထမ်း
ဆောင်ရန် ဇန်နဝါရီလ ၁၁ ရက် နေ့တွင် ဘုရင်ကခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကာကွယ်စောင့်ရှောက်သူ အမျိုးသားတစ်ဦး လိုက်ပါခြင်းမရှိဘဲ ခရီးသွားခွင့်၊ ကားမောင်းခွင့်အစရှိ
သည့် တင်းကျပ်သည့်စည်းမျဉ်းများဖြင့် ဆော်ဒီအမျိုးသမီးများအပေါ် စည်းကမ်းသတ်မှတ်ထား
သည့် ဘုရင့်နိုင်ငံတွင် ယခုချမှတ်လိုက်သည့် အမိန့်က အထင်အရှား ထိုးဖောက်ကျော်လွှားနိုင်ခဲ့
သည်။
အစ္စလမ္မစ် ရှရီယာဥပဒေ၏ တင်းကျပ်သည့် ပြဋ္ဌာန်းချက်ကို လက်ခံထားသော ဆော်ဒီအာရေဗျ
နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ဘုရင်
ကိုယ်တိုင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဗ္ဗဒူလာသည် ၂၀၀၅ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသန္တရဆိုင်ရာ ရွေးကောက်ပွဲများ
ကျင်းပပြီး အပြောင်းအလဲများဆီသို့ ဦးတည်၍ ချင့်ချင့်ချိန်ချိန်ဖြင့် ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ဒေသတွင်း ရွေးကောက်ပွဲတွင် အမျိုးသမီးများ မဲပေးခွင့်၊ ၀င်ရောက်
အရွေးခံခွင့်ကို ၂၀၁၁ ခုနှစ်ကပေးခဲ့ပြီး "ဆော်ဒီ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ
ကို ဘေးဖယ်ထားတာတွေကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်" ဟု ဆိုသည်။
(အေအက်ဖ်ပီ)
















