နိုင်ရိုဘီ - ၂၀၁၂ ခုနှစ်တွင် အမဲလိုက် အသတ်ခံရသော အာဖရိက ဆင်အရေအတွက်မှာ
ပြီးခဲ့သောနှစ်တွင် တရားမဝင် အသတ်ခံရသည့် အရေအတွက် ၂၅,၀၀၀ ထက် ပိုမိုများလာနိုင်ဖွယ်
ရှိသည်ဟု ကုလသမဂ္ဂ တောရိုင်း တိရစ္ဆာန်ကုန်သွယ်မှု ထိန်းချုပ်ရေးအဖွဲ့ (CITES) အကြီးအကဲ
က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
"အာဖရိကဆင်များ ကျက်စားရာ စားကျက်များမှာ ၂၀၁၁ ခုနှစ်က ဆင် အကောင်ရေ ၂၅,၀၀၀ ခန့်
တရားမဝင် အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ ယခုထိရရှိထားတဲ့ လေ့လာချက်တွေ အရ ၂၀၁၂
ခုနှစ်မှာ အခြေအနေဟာ ပိုမိုဆိုးရွားလာဖွယ်ရှိတယ်"ဟု CITES အတွင်းရေးမှူးချုပ် ဂျွန်စကန်လွန်
ကပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် အသတ်ခံခဲ့ရသော ဆင် ၂၅,၀၀၀ ခန့်တွင် ၁၇,၀၀၀ ခန့်မှာ ၎င်းတို့ကျက်စားရာ
စားကျက် ၄၀ ရာခိုင်နှုန်းခန့်တွင် CITES က မှတ်တမ်း တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာမူ
ခန့်မှန်းတွက်ချက်မှုဖြစ်သည်။
"Save the Elephants" အဖွဲ့ တည်ထောင်သူ ဒေါက်ဂလပ်စ်ဟမ်မီတန်က နိုင်ရိုဘီတွင်ကျင်းပ
ခဲ့သော ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) ဌာနချုပ်၏ အစည်းအဝေးပွဲ ဘေးထွက်
ဆွေးနွေးပွဲတစ်ခုတွင် သတင်းထောက်များကို ပြောကြားရာ၌ ၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀
ပြည့်လွန် နှစ်များတွင် အသတ်ခံရသော ဆင်အရေအတွက်မှာ ပိုမိုများပြားခဲ့သော်လည်း ယနေ့
အချိန်တွင် ဆင်ကောင်ရေ လက်ကျန်မှာ အလွန်နည်းလွန်းပြီး ဆင်စွယ်ဝယ်လိုအားမှာလည်း ယခင်
အချိန်များကထက် ပိုမိုများပြားလာနေ၍ အခြေအနေမှာ အကျပ်အတည်းတစ်ခုပင်ဖြစ်သည်။
အင်တာပို (Interpol) နိုင်ငံတကာ ရဲအဖွဲ့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုဌာနခွဲအကြီး
အကဲ ဒေးဗစ်ဟစ်ဂင်အဆိုအရ အမဲလိုက် သတ်ဖြတ်မှုများမှာ ရဇဝတ်ဂိုဏ်းဖွဲ့၍ လုပ်ဆောင်ကြ
သည်များကြောင့် ၎င်းတို့ တွင် အာဖရိကမှ သူပုန်အုပ်စုများ အပြင် တခြားသော အကြမ်းဖက်အဖွဲ့
အစည်းများနှင့် ဆက်စပ်မှုရှိသည် ဟုဆိုသည်။
"ဒီ ရာဇဝတ်ဂိုဏ်း ကွန်ရက်တွေကို မဖြေရှင်းနိုင်မချင်း ဆင်အမဲလိုက်ခံရမှုက ဆက်လက်ဖြစ်ပွားနေ
ဦးမှာပဲ"ဟု ဟစ်ဂင်ကဆိုသည်။
အာဖရိကသည် ဆင်စွယ်နှင့် ကြံ့ချိုကဲ့သို့သော တောရိုင်း တိရစ္ဆာန်ထုတ်ကုန်များ တရားမဝင် ကုန်
သွယ်မှု တစ်ဟုန်ထိုး တိုးမြင့်လာ နေသော ဒေသတစ်ခုဖြစ်သည်။
ဆင်စွယ် တစ်ကီလိုဂရမ်ကို အာရှ မှောင်ခိုဈေးကွက်တွင် အမေရိကန် ဒေါ်လာ ၂,၀၀၀ ခန့် တန်ဖိုး
ရှိပြီး ကြံ့ဦးချိုများမှာ တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ထိ ရရှိ နိုင်သည်။
ပြီးခဲ့သောနှစ်နှစ်အတွင်း ကြံ့အကောင်ရေ ၂,၀၀၀ ခန့် အမဲလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ၎င်းမှာ
ကြံ့ကောင်ရေ ၂၅,၀၀၀ ခန့်သာ ကမ္ဘာ ပေါ်တွင် ကျန်ရှိတော့၍ များပြားသည် ဟုယူဆရမည်။
ဆင်စွယ်ရောင်းဝယ်မှု ကို ခြွင်းချက်အနေဖြင့် ၁၉၈၉ ခုနှစ် ကတည်းက တရားမဝင် သတ်မှတ်ခဲ့ခြင်း
ဖြစ်သည်။
အာဖရိကရှိ ဆင်အရေအတွက် ၂၀ ရာစုအလယ်ပိုင်းတွင် သန်းချီရှိခဲ့ရာမှ ၁၉၈၀ ပြည့်နှစ်တွင်
ခြောက်သိန်းခန့်အထိ လျော့ကျအပြီး ထိုသို့ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အာဖရိကတွင် ယခုအချိန်၌ ဆင်ကောင် ရေ ၄၇၂,၀၀၀ ခန့် ကျန်ရှိကြောင်း သိရသည်။
(အေအက်ဖ်ပီ)
















