မော်စကို - ဖေဖော်ဝါရီလ ၁၅ ရက် နံနက်က ရုရှားနိုင်ငံ အလယ်ပိုင်း ကောင်းကင်ယံမှနေ၍
ဥက္ကာပျံတစ်ခု ပေါက်ကွဲပြီးကျလာသဖြင့် အဆောက်အအုံ ပြတင်းပေါက်မှန်များ ကွဲအက်လွင့်စဉ်
ထွက်ရာမှ လူ ၁,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။
သို့သော် ယင်းဥက္ကာပျံပေါက်ကွဲပြီး နာရီပိုင်းကြာမှ ပညာရှင်များ 2012 DA 14 ဟု အမည်ပေးထား
သော ဂြိုဟ်သိမ်တစ်ခု ကမ္ဘာနှင့်အနီးဆုံးအကွာအဝေး မိုင် ၁၇,၂၀၀ ခန့် (ကီလိုမီတာ ၂၇,၇၀၀) မှ
ဖြတ်သန်းသွားခြင်းနှင့် ဆက်နွှယ်မှု လုံးဝမရှိကြောင်း ဆိုသည်။
ယူရယ်တောင်တန်းဒေသ၊ ချီလျာဘင့်မြို့အထက် အနိမ့်ပိုင်း လေထုလွှာအတွင်း ကျယ်လောင်
သည့် ပေါက်ကွဲသံကြီးနှင့်အတူ မျက်စိကျိန်းမတတ် ၀င်းထိန်သွားသည့်ဖြစ်ရပ်ကို ယာဉ်မောင်းသူ
များပင် ရပ်တန့်ကြည့်ရှုခဲ့ကြသည်။
ယခုကဲ့သို့ တန်ချိန် ဒါဇင်ပေါင်းများစွာလေးမည်ဟု ခန့်မှန်းရသည့် ဥက္ကာပျံကြီး မြေကမ္ဘာပေါ်သို့
မီးလောင် ကျလာမှုမျိုးသည် အလွန်ရှားပါးလှပြီး လူနေထူထပ်သည့် ဒေသပေါ်သို့ ကျရောက်လျှင်
လည်း အသေအပျောက် မကြံုဖူးလောက်အောင်များပြားမည် ဖြစ်သည်။
ချီလျာဘင့်ဒေသ အုပ်ချုပ်ရေးမှူး၏ အဆိုအရ ယခုဖြစ်ရပ်ကြောင့် ထိခိုက် ဒဏ်ရာရသူပေါင်း ၉၅၀
ရှိသည့်အနက် သုံးပုံနှစ်ပုံသည် မှန်ကွဲစများ ထိမှန်၍ လည်းကောင်း၊ ပေါက်ကွဲသည့် လှိုင်းဂယက်
ကြောင့် လွင့်စဉ်သည့်ပစ္စည်းများ ထိမှန်၍လည်းကောင်း ဒဏ်ရာရသူများ ဖြစ်သည်။
ပေါက်ကွဲသည့် ဂယက်လှိုင်းကြောင့် ချီလျာဘင့်မြို့ပြဒေသတွင် ပြတင်းပေါက် မှန်ကွဲများ ပြည့်နေ
ပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ သွပ်ပြားစက်ရုံတစ်ရုံ နှင့် ရေခဲဟော်ကီကစားရုံတစ်ရုံ အပါ
အဝင် အဆောက်အအုံ ၃၀၀ နီးပါး ပျက်စီးသွားသည်။
"နံနက် ၉ နာရီ မိနစ် ၂၀ (ဂရင်းနစ် ၀၃၂၀ နာရီ) မှာ ချီလျာဘင့် ကောင်းကင်ယံမှာ သိပ်မြန်တဲ့
အရှိန်နဲ့ ဖြတ်သွားတဲ့ အရာတစ်ခုကို တွေ့ရတယ်။ လမ်းတစ် လျှောက် မီးခိုးတန်းတစ်ခုလည်း
ကျန်ခဲ့တယ်။ နှစ်မိနစ်အတွင်းမှာပဲ ပေါက်ကွဲသံ နှစ်ခုပေါ်ထွက်လာပါတယ်"ဟု ဒေသတွင်း အရေး
ပေါ်ကိစ္စ ကူညီရေးကော်မတီ မှ ယူရီဘာရင်ကိုက ပြောသည်။

ဒေသအုပ်ချုပ်ရေးမှူးရုံး၏ အဆိုအရ ဥက္ကာခဲသည် ချီလျာဘင့်ဒေသ ချီဘာကူ မြို့ပြင်ရှိ ရေအိုင်
တစ်ခုပေါ်သို့ ကျခဲ့ခြင်း ဖြစ်သည်။
ရေပြင်အေးခဲနေသော ယင်းရေကန်မှာ ခြောက်မီတာ (ပေ ၂၀) အချင်းရှိ တွင်းတစ်ခုကိုလည်း
ရုပ်သံမှ တစ်ဆင့်တွေ့ရသည်ဟု ဆိုသည်။
သို့သော် ဥက္ကာခဲအစအနများ မြေကြီး ပေါ်သို့ ကျရောက်ခြင်း ရှိမရှိ၊ ယင်းအစအနများ တိုက်ရိုက်
ထိမှန်သူများရှိမရှိ ခိုင်လုံသည့်သတင်းများ ရယူရပေဦးမည်။
ချီလျာဘင့်ဒေသတွင်းရှိ စာသင် ကျောင်းများနှင့် ပြဇာတ်ရုံများ ပိတ်ထား ရသည်။
ရာသီဥတုမှာလည်း ရေခဲ အမှတ်အောက် ၁၈ ဒီဂရီ စင်တီဂရိတ် သို့ရောက်နေသည်။
လူနေဒေသများပေါ်သို့ တိုက်ရိုက်မကျ ရောက်၍ ကုသိုလ်ကံကောင်းကြောင်း၊ ယခုလိုဖြစ်ရပ်မျိုးနှင့်
ကြံုတွေ့ရသည့် ပြည်သူများအား နှစ်သိမ့်အားပေး ကူညီရန် သမ္မတ ဗလာဒီမာပူတင်က အရေးပေါ်
ရေးရာဝန်ကြီး ဗလာဒီမာ ပတ်ကော့ဗ်အား ညွှန်ကြားထားသည်။
ယခု မီးလောင်ကျရောက်ခဲ့သည့် ဥက္ကာပျံသည် မီတာအနည်းငယ်ရှည်ပြီး အလေးချိန်လည်း
တန်ချိန် ဒါဇင်နှင့်ချီ ရှိမည်ဖြစ်ရာ မြေပြင်မှ အမြင့်ပေ ၃၀ မှ ၅၀ အတွင်း မီးလောင်ပေါက်ကွဲခဲ့၍
အစအနများလည်း ဥက္ကာခဲများအဖြစ် မြေကြီး ပေါ်သို့ ကျရောက်ခဲ့ဖွယ်ရှိသည်ဟု ရုရှားသိပ္ပံ
အကယ်ဒမီမှ ကြေညာသည်။
ယခု ဥက္ကာပျံပေါက်ကွဲမှုသည် ၁၉၀၈ ခုနှစ်က ရုရှားတွင် ကြံုတွေ့ခဲ့သည့် '၁၉၀၈ တန်ဂတ်စကာ
ဖြစ်ရပ်' နောက်ပိုင်းကာလ၌ စိတ်ဝင်စားဖွယ် အကောင်းဆုံး အာကာသဖြစ်ရပ် တစ်ခုပင်ဖြစ်သည်။
ထိုစဉ်က မြေပေါ် သို့ကျခဲ့သည့် တန်ဂတ်စကာ ဂြိုဟ်သိမ်၊ သို့မဟုတ် ကြယ်တံခွန်ကြောင့် အလွန်
ကျယ်ပြန့်သည့် ဆိုက်ဘေးရီးယား ဒေသတစ်ခွင် သစ်တောများ အကြီးအကျယ် မီးလောင်ကျွမ်း
ပျက်စီးသွားခဲ့ဖူးသည်။
(အေအက်ဖ်ပီ)

















