ဂျပန်သံအမတ်ရာထူး ကယ်ရိုလင်းကနေဒီ မှန်းထားခံရ

ဂျပန်သံအမတ်ရာထူး ကယ်ရိုလင်းကနေဒီ မှန်းထားခံရ

၀ါရှင်တန်- အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် လုပ်ကြံခံခဲ့ ရသော သမ္မတ
ဂျွန်အက်ဖ်ကနေဒီ၏ သမီး ကယ်ရိုလင်းကနေဒီကို အရေးပါ သည့် ဂျပန်သံအမတ်နေရာ
တွင် ခန့်ထားရန် နီးစပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁ ရက် နေ့တွင်ပြော
သည်။

အိုဘားမားက ဟီလာရီကလင်တန်၏ ဒီမိုကရက်တစ်အုပ်စုကို ယှဉ်ပြိုင် အနိုင်မယူမီ အိုဘားမား၏
၂၀၀၈ ခုနှစ် မဲဆွယ်စည်းရုံးမှုကို အစောပိုင်းကတည်း က ထောက်ခံခဲ့သည့် ကနေဒီ (၅၅ နှစ်)သည်
မက်မောဖွယ်ကောင်းသော တိုကျို ရာထူးအတွက်သင့်တော်သူအဖြစ် သတင်းပြေးနေသည်မှာကြာ
ပြီ ဖြစ်သည်။

ကနေဒီသည် ရွေးချယ်မှုလုပ်ငန်း စဉ်တွင် ခရီးရောက်သည့်အဆင့်၌ ရှိနေကြောင်း အစိုးရတာဝန်ရှိ
သူတစ်ဦး က အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။ ဧပြီ ၁ ရက်နေ့အစောပိုင်းက ၀ါရှင်တန်ပို့စ်
နှင့် နယူးယော့ခ်တိုင်း(မ်) သတင်းစာနှစ်ခုစလုံးက ကနေဒီသည် ရာထူးခန့်ထားရန်အတွက် စိစစ်
သုံးသပ် မှု ခံနေကြောင်း သတင်းဖော်ပြကြသည်။

ဒုတိယသမ္မတဟောင်း ဝေါ်တာ မွန်ဒေး၊ အထက်လွှတ်တော်အမတ် ဟောင်းများဖြစ်ကြသော မိုက်
မင်းစဖီးလ် နှင့် ဟောင်းဝပ်ဘေကာတို့ကဲ့သို့သော ပုဂ္ဂိုလ်များတာဝန် ထမ်းဆောင်ခဲ့ဖူးသော အရေး
ပါသည့် ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးရာထူးအတွက် သမ္မတက အဆိုပြုရသောအစဉ်အလာနှင့်
ကနေဒီ သည် ကိုက်ညီသူဖြစ်လာနိုင်ပေသည်။

သို့သော် ၎င်းတာဝန်ထမ်းဆောင် ရမည့်အချိန်သည် အမေရိကန်နှင့် ဒေသတွင်း ၎င်း၏မဟာမိတ်
များအပေါ် ခြိမ်းခြောက်မှုများ ရှိနေချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

ထိုသို့သော အကျပ်အတည်းများ ကြောင့် ၀ါရှင်တန်ရှိ အချို့သံတမန် ရေးရာ လေ့လာဆန်းစစ်သူ
များက ကနေဒီအားကျော်၍ ပိုပြီးအတွေ့အကြံု ပြည့်ဝသည့် သံတမန်တစ်ဦးဦးကို ခန့်ထားပေးသင့်
ကြောင်း ပြီးခဲ့သော သီတင်းပတ်များအတွင်း အကြံပြုမှုများ ရှိခဲ့သည်။

ဂျွန်ကယ်ရီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသောကြောင့် ကနေဒီ၏ဖြစ်နိုင် ဖွယ် အလားအလာမှာ ပို
၍ကောင်းမွန် လာသည်။ ဂျွန်ကယ်ရီသည် ကယ်ရိုလင်း ကနေဒီ၏ ချစ်လှစွာသော ဦးလေး ဖြစ်သူ
(ကွယ်လွန်) ဆီးနိတ်တာ အက်ဒွပ် ကနေဒီနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနနှစ်ခုစလုံးက ကနေဒီ ဂျပန်သံ အမတ်ဖြစ်ရန် နီးစပ်နေပြီ
ဆိုသော သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပေး ရန် ငြင်းဆိုခဲ့ကြသည်။ သို့သော် လုံးလုံးလျားလျား
ငြင်းဆိုမှု မပြုကြပေ။

နယူးယော့ခ်တိုင်း(မ်) သတင်းစာ ကော်လံတစ်ခုတွင် 'ကျွန်မဖခင်လို သမ္မတ' (A President Like
My Father) ဟူသောခေါင်းစဉ်ဖြင့် ကနေဒီက ရေးသားရာ၌ "ဂျွန်အက်ဖ် ကနေဒီအကြောင်း လူ
တွေပြောနေဆဲ ပုံနဲ့ ကိုက်ညီတဲ့ သမ္မတ ကျွန်မ မတွေ့ဖူး သေးဘူး"ဟု ရေးသားခဲ့သည်။

ယခုအခါ ၎င်းက "ဒီလိုသမ္မတမျိုး ဖြစ်နိုင်တဲ့ လူတစ်ဦးကိုတွေ့ပြီလို့ ကျွန်မ ယုံကြည်ပါတယ်"ဟု
ပြောခဲ့သည်။

ဆီးနိတ်က ရွေးချယ်ပြီးအတည်ပြု ပါက ကနေဒီသည် လက်ရှိ ဂျပန်နိုင်ငံ ဆိုင်ရာ အမေရိကန်သံ
အမတ်ဖြစ်သော ဂျွန်ရူးစ်ကို ဆက်ခံမည်ဖြစ်သည်။

(အေအက်ဖ်ပီ)