စစ်အတွင်းကြွေးများကြောင့် ဂျပန်သင်္ဘောတစ်စင်းကို တရုတ် သိမ်းယူသည့်ကိစ္စ ဂျပန်က တရားဝင်ကန့်ကွက်

စစ်အတွင်းကြွေးများကြောင့် ဂျပန်သင်္ဘောတစ်စင်းကို တရုတ် သိမ်းယူသည့်ကိစ္စ ဂျပန်က တရားဝင်ကန့်ကွက်

တိုကျို - ၁၉၃၀ ပြည့်နှစ်များကတည်းက တင်ရှိခဲ့သည့် အကြွေးများကို ပေးချေခြင်းမရှိသည့်
အတွက် ဂျပန် သင်္ဘောတစ်စင်းကို တရုတ်က သိမ်းယူလိုက်ရာ ၎င်းကိစ္စကို တရားဝင်ဆန့်ကျင်မှု
ပြုလုပ်သွားမည်ဟု ဂျပန်အစိုးရက ဧပြီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ယင်းဖြစ်ရပ်သည် အာရှထိပ်သီးနိုင်ငံများအကြား ခါးခါးသီးသီး ရန်လိုနေမှုများကို အထင်အရှား
ပြသသည့် လတ်တလော ပြဿနာတစ်ရပ်လည်းဖြစ်သည်။

Mitsui O.S.K Lines ဂျပန် သင်္ဘော ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောကြီးကို တရားဝင်သိမ်းယူခဲ့ခြင်း
ဖြစ်ကြောင်း ရှန်ဟိုင်း တရုတ်အာဏာပိုင်များက ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အိမ်နီးချင်းနိုင်ငံများ၏ ပိုင်နက်နယ်မြေအတော်များများကို ဂျပန်က သိမ်းယူခဲ့သည့် ၁၉၃၀
ပြည့်လွန်နှစ်များအတွင်းက တရုတ်နိုင်ငံသို့ ပေးစရာရှိသည့်အကြွေးများကို ဂျပန်က ပြန်လည်
ပေးဆပ်ရမည်ဆိုသည့်ကိစ္စမှာ အငြင်းပွားဖွယ်ဖြစ်နေသည်။

၎င်းနှစ်နိုင်ငံသည် သမိုင်းအစဉ်အဆက် အဓိပ္ပာယ်ကောက်ယူမှုကွဲလွဲကာ တစ်ဖက်နှင့် တစ်ဖက်
အကဲဆတ်နေကြသလို ကျွန်းစုပိုင်ဆိုင်ရေး နယ်မြေအငြင်းပွားမှု ပြဿနာတွင်လည်း နှစ်နိုင်ငံကြား
ပြေလည်မှုမရရှိသေးပေ။

ယင်းကဲ့သို့ သင်္ဘောကို သိမ်းယူလိုက်ခြင်းမှာ ဧပြီ ၂၃ ရက်တွင် ဂျပန်သို့ရောက်ရှိမည့် အမေရိကန်
သမ္မတ ဘာရက်အိုဘားမား၏ ခရီးစဉ်မတိုင်မီ တရုတ်အစိုးရ၏ မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲ
နေသည်ကို သိသာထင်ရှားစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ဧပြီ ၂၂ ရက်တွင် ဂျပန်မီဒီယာအချို့က
ဖော်ပြကြသည်။

သမ္မတ၏ ခရီးစဉ်သည် အမေရိကန်အစိုးရ၏ ဒေသတွင်း လုံခြံုရေးမဟာမိတ်အဖွဲ့များကို
အားဖြည့်ရန် ရည်ရွယ်သည့် အာရှနိုင်ငံများခရီးစဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။

"တရုတ်နိုင်ငံက သင်္ဘောသိမ်းယူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က
စိတ်မကောင်းဖြစ်ရကြောင်း သံတမန် နည်းလမ်းအရ တရုတ်အစိုးရကို ကျွန်တော်တို့ ပြောထား
ပြီးပါပြီ။ ဒီကိစ္စနဲ့စပ်လျဉ်းလို့ သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို ကျွန်တော်တို့ဘက်က
တောင်းဆိုထားပါတယ်" ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ်နှင့် ဂျပန်အစိုးရ၏ ထိပ်တန်း ပြောရေး
ဆိုခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီ ဆူဂါက တိုကျို တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီများကို ခြိမ်းခြောက် ရန်ပြုနိုင်ခြင်း
ကြောင့် ဂျပန်အစိုးရက ရတက်မအေးဖြစ်နေကြောင်း ဆူဂါက ပြောကြားခဲ့သည်။

သင်္ဘောကို သိမ်းယူလိုက်သော ကိစ္စရပ်သည် တရုတ်နှင့် ဂျပန်နိုင်ငံဆက်ဆံရေးကို ပုံမှန် ဖြစ်စေ
ခဲ့သည့် ၁၉၇၂ ခုနှစ်၊ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်၏ အရေးပါမှုကို လျော့ပါးစေကြောင်း၊
၎င်းကြေညာချက်တွင် တရုတ်အစိုးရက ဂျပန်ထံမှ စစ်လျော်ကြေးတောင်းဆိုမှုများကို စွန့်လွှတ်ရန်
သဘောတူခဲ့ကြောင်း ဆူဂါက ဧပြီ ၂၁ ရက်က ပြောကြားခဲ့သည်။

ပြည်တွင်းရေးကိစ္စသည် စစ်လျော်ကြေးကိစ္စ နှင့် မသက်ဆိုင်ကြောင်း တရုတ်အစိုးရက ပြန်လည်
ပြောဆိုခဲ့သည်။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာတွင် ချမှတ်ခဲ့သော ထိရောက်သည့် ဆုံးဖြတ်ချက် သက်ရောက်မှုရှိစေရန်
အတွက် သင်္ဘောကို သိမ်းယူခြင်းဖြစ်ကြောင်း ရှန်ဟိုင်း ရေကြောင်းတရားရုံးက ဧပြီ ၁၉ ရက်တွင်
ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ နီးပါးက သင်္ဘော နှစ်စင်းကို စာချုပ်နှင့် ငှားရမ်းရာ မစ်ဆူအီ ကုမ္ပဏီက
ဂျပန်ယန်းငွေ ၂ ဒသမ ၉ ဘီလျံ (ဒေါ်လာ ၂၈ သန်း) နီးပါးပေးရမည်ဆိုသော ရှန်ဟိုင်းတရားရုံး၏
ဆုံးဖြတ်ချက်နှင့် သင်္ဘောသိမ်းယူမှု ဆက်စပ်နေသည်ဟု တရုတ်နှင့် ဟောင်ကောင် သတင်းဌာန
များက ဆိုသည်။

၁၉၃၆ ခုနှစ်တွင် မစ်ဆူအီ ကုမ္ပဏီ၏ ယခင် ကုမ္ပဏီဖြစ်သည့် ဒိုင်ဒို သင်္ဘောကုမ္ပဏီသည် ကျုံးဝေ
သင်္ဘောကုမ္ပဏီထံမှ သင်္ဘောနှစ်စင်းကို တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့သည်ဟု သတင်းများတွင်
ဖော်ပြခဲ့သည်။

သင်္ဘောများကို ဂျပန်ရေတပ်က စစ်ရေးအရ သိမ်းယူခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ပွဲအတွင်း
နှစ်မြှုပ်ခဲ့သည်။

ကျုံးဝေ သင်္ဘောကုမ္ပဏီတည် ထောင်သူ၏ သားစဉ်မြေးဆက်များက မစ်ဆူအီ ကုမ္ပဏီကို
လျော်ကြေးပေးရန် တောင်းဆိုခဲ့ပြီး နောက် ၂၀၀၇ ခုနှစ်တွင် ရှန်ဟိုင်းတရားရုံးက မစ်ဆူအီကုမ္ပဏီ
ကို လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းစီရင်ချက်အပေါ် အယူခံဝင်သည့် ဂျပန်ကုမ္ပဏီ၏ လျှောက်လဲချက်ကို တရုတ်နိုင်ငံ၏
ပြည်သူ့ဗဟိုတရားရုံးက ပယ်ချခဲ့သည်။

အေအက်ဖ်ပီ