နယူးဒေလီ - ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားသည့်စနစ်ရှိသော အိန္ဒိယနိုင်ငံတွင် အိန္ဒိယကျောင်းဆရာ
အချို့က ဟိန္ဒူဇာတ်နိမ့် ကျောင်းသားများနှင့် လူနည်းစု ဘာသာဝင်များဖြစ်သည့် ကျောင်းသား
များကို အိမ်သာဆေးခိုင်းခြင်း၊ ၎င်းတို့၏ အတန်းဖော်များနှင့်အတူ မထိုင်ခိုင်းခြင်းစသော ခွဲခြားမှု
များပြုလုပ်နေပြီး ယင်းကဲ့သို့ ခွဲခြားဆက်ဆံမှုများမှာ စာသင်ခန်းများအတွင်း ဆက်လက်ကျန်ရှိ
နေသေးသည့် ခွဲခြားဆက်ဆံမှုများ၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က
ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဖယ်ကြဉ်ခြင်းခံရသော လူ့အဖွဲ့များမှ ကျောင်းသူ ကျောင်းသားများက ကျောင်းအုပ်ကြီးများ နှင့်
ကျောင်းဆရာများ၏ ခွဲခြားဆက်ဆံမှုများ အောက်တွင် အနှိမ်ခံဘဝဖြင့် ဆက်နေမည့် အစား
ကျောင်းမှထွက်ကာ အလုပ်ကြမ်းသမားဘဝသို့ ကူးပြောင်းသွားခြင်းများကို မကြာခဏ ဆိုသလို
တွေ့မြင်နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။
ဇာတ်နိမ့်ပြီးဆင်းရဲသော ဒေသခံ တိုင်းရင်း သားမျိုးနွယ်စုများနှင့် မွတ်စလင်များ အများအပြား
နေထိုင်ရာ ပြည်နယ်လေးခုမှ ကျောင်းဆရာများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများနှင့်
ကျောင်းသားများ စုစုပေါင်း ၁၆၀ ကျော်ကို မေးမြန်း၍ရရှိသော သတင်းအချက် အလက်များကို
ကောက်ယူစုဆောင်းပြီး စာမျက်နှာ ရ၇ မျက်နှာ ပါရှိသည့် အစီရင်ခံစာ တစ်ရပ်ကို အဆိုပါ
လူ့အခွင့်အရေးအဖွဲ့က တင်ပြခဲ့ခြင်းဖြစ်သည်။
"အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး စီမံကိန်းဖြစ်တဲ့ ကလေးများအားလုံး ပညာသင်ကြားခွင့် ရရေးက
ကျောင်းဆရာတွေနဲ့ အခြားကျောင်းဝန်ထမ်းတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မအောင်မြင်
တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်" ဟု ယင်းအစီရင်ခံစာကို ရေးသားခဲ့သည့် ဂျေရှရီဘာ
ဂျိုရီယာက ပြောကြားခဲ့သည်။
"ဒီလိုမျိုး ခွဲခြားဆက်ဆံခြင်းခံရတဲ့ လူ့အဖွဲ့ အစည်းတွေက ကလေးတော်တော်များများဟာ
သူတို့ရဲ့ မိသားစုထဲမှာ အခုမှ ပထမဆုံးကျောင်းတက်ခွင့်ရတဲ့ ကလေးတွေဖြစ်ပြီး သူတို့ကို
ကျောင်းဆရာတွေက အားပေးရမယ့်အစား လျစ်လျူရှုတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေတောင်
ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ယေဘုယျအားဖြင့် စာသင်ခန်း၏ အနောက် ဆုံးတွင် ထိုင်ရသော ကျောင်းသားများ၊ သို့မဟုတ်
သီးခြားခွဲထားသည့် အခန်းများထဲ တွင်ထိုင်ရသော ကျောင်းသားများထဲတွင် မွတ်စလင်
လူ့အဖွဲ့အစည်းများမှ ကျောင်းသား များလည်းပါ၀င်သည်။
ခွဲခြားဆက်ဆံခံရသည့် ကျောင်းသားများမှာ နိမ့်ကျသည့် အမည်များ မှည့်ခေါ်ခံရခြင်း၊ ဦးစီးဦး
ဆောင်လုပ်ရသည့် နေရာများတွင် ပါ၀င်ခွင့်မရကြခြင်းနှင့် အစား အသောက်များ ကျွေးမွေးရာတွင်
နောက်ဆုံးမှ စားသောက်ခွင့်ရကြကြောင်း အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။
အသက်ခြောက်နှစ်မှ ၁၄ နှစ်အကြား ကလေးများအားလုံး ကျောင်းနေရရေးနှင့် တစ်နိုင်ငံလုံး
အတိုင်းအတာနှင့် ကျောင်းအပ်နှံမှု ရာခိုင်နှုန်း ၉၀ ကျော်ရှိရေး အာမခံထားသည့် ဥပဒေ တစ်ရပ်ကို
အိန္ဒိယပါလီမန်က ၂၀၀၉ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
သို့သော် အဆိုပါ ဥပဒေတွင် စာသင်ခန်းအတွင်း ခွဲခြားဆက်ဆံ သူများအတွက် ပြစ်ဒဏ်များကို
ထည့်သွင်းထားခြင်းမရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။
ပညာရေးအာဏာပိုင်အများစုက ကျောင်းထွက်နိုင်ခြေရှိသည့် ကလေးများကို စောင့်ကြည့်
အကဲခတ်ရန်နှင့် ကျောင်းဆက်တက်နိုင်ရန် သင့်လျော်သည့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန်
ပျက်ကွက်လျက်ရှိကြောင်း ယင်းအစီရင် ခံစာထဲတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာမှာ ဗဟိုလက်ဝဲယိမ်း ကွန်ဂရက်ပါတီက အိန္ဒိယနိုင်ငံကို ဆယ်စုနှစ်တစ်ခုကြာ
အုပ်ချုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်လျက်ရှိသော
အချိန်အတွင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် ဟိန္ဒူအမျိုးသားရေးဝါဒီ သဘောထား
တင်းမာသူ နာရန်ဒရာမိုဒီနှင့် ယင်း၏ပါတီက အနိုင်ရဖွယ်ရှိသည်။
အေအက်ဖ်ပီ

















