ပေကျင်း - တရုတ်လူမျိုး ပျားမွေးမြူရေးသမား တစ်ဦးသည် ပျားရည်များ ရောင်းအားတက်ရန်
'မုတ်ဆိတ်ပျားစွဲပြခြင်း' ဟု လူသိများ ကြသော ဗလာကျင်းထားသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို
ပျားကောင်ရေ လေးသိန်း ခြောက်သောင်းကျော်ဖြင့် လာရောက်အုံဖွဲ့ စေပြီး လူအများရှေ့တွင်
စတန့်ထွင် ပြသခဲ့ကြောင်း ဧပြီ ၁၀ ရက်နေ့တွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း လူနေထူထပ်သည့် ချုံချိန်းမြို့မှ အသက် ၃၄ နှစ်အရွယ် စဲ့ဖိန်း
ဆိုသူသည် ဧပြီ ၉ ရက်နေ့က ၎င်း၏ ခန္ဓာကိုယ်ပေါ် ၄၅ ကီလိုဂရမ် (ပေါင် ၁၀၀) ကျော်
အလေးချိန်ရှိ ပျားများလာရောက် အုံဖွဲ့ ကြပုံကို ပြင်သစ်ဓာတ်ပုံ သတင်းထောက်အဖွဲ့ အား
ပြသခဲ့သည်။
'မုတ်ဆိတ်ပျားစွဲပြခြင်း' ဟုခေါ်သော ပျားများ ခန္ဓာကိုယ်ပေါ်စွဲပြခြင်းသည် တစ်ကမ္ဘာလုံး
စိတ်ဝင်စားသည့် ဖြစ်ရပ်တစ်ခုဖြစ်ကာ အိန္ဒိယ လူမျိုး ဗီပင်ဆက်သ်ဆိုသူသည် ၆၁ ဒသမ
၄ ကီလိုဂရမ်ရှိ ပျားဝတ်ရုံကို ၀တ်ဆင်ပြသခဲ့သည့် အတွက် ဂင်းနစ် စံချိန်တင်ခဲ့ကြောင်း
ကမ္ဘာ့ ဂင်းနစ်မှတ်တမ်းဝင် စာရင်းများ တရားဝင် ပြသသော ဗီဒီယိုထုတ်လွှင့်ပြသကွက်အရ
သိရသည်။
ပျားဖြင့် စတန့်ပြသူများသည် ပုံမှန်အားဖြင့် ၎င်းတို့ ခန္ဓာကိုယ်တွင်ချိတ်ထားသော ပျားဘုရင်မ
လှောင်အိမ်ကလေးဖြင့် ပျားများကို ဆွဲဆောင် လေ့ရှိကြသည်။
စဲ့၏ ပြသမှုမှာ ပျားများ ခန္ဓာကိုယ်ပေါ် အုံဖွဲ့မလာမီ တစ်ဒါဇင်ကျော်ခန့်ရှိ မှိုင်းပြာနေသည့် ပျားအုံ
ဘေးတွင် လှည့်ပတ်ကာ ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်း ပြသခြင်းဖြစ်ပြီး ဦးခေါင်းကိုမူ ပလတ်
စတစ်အိတ်စွတ်ကာ ကာကွယ်ထားသည်။
"စိတ်ရင်းအတိုင်းပြောရရင်တော့ ကျွန်တော် တကယ်ကြောက်တယ်ဗျ။ ဒါပေမဲ့ ကျွန်တော့်
ပျားရည်တွေ အရောင်းတက်ဖို့အတွက်ဆိုတော့လည်း လုပ်ရတာပေါ့။ ကျွန်တော် အသက် ၂၂ နှစ်
လောက် ကတည်းကစပြီး လုပ်ခဲ့တဲ့အလုပ် ဆိုတော့ ပျားတွေနဲ့တော့ အသားကျနေပါပြီ" ဟု စဲ့က
ပြောသည်။
"ပျားတုပ်တဲ့ ဒဏ်တွေတော့ ခံရတာပေါ့။ ဒါပေမဲ့ နေရာက မရွေ့ဖြစ်အောင်နေတယ်" ဟု မိနစ်
လေးဆယ်ကြာ ပြသမှုအတွင်း အကြိမ် ၂၀ ကျော် ပျားတုပ်ခံရသည့် စဲ့ကပြောသည်။
"အဓိကကြိုတင်ပြင်ဆင်မှုကတော့ ရေမချိုး ဖြစ်အောင်ရှောင်တယ်။ ဆပ်ပြာက ပျားတွေကို
ဆွပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် အထူးသဖြင့် ဆပ်ပြာတိုက်တာကို ရှောင်ရတယ်" ဟုလည်း
၎င်းကဆိုသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပျားရည် အများဆုံး ထုတ်လုပ်ရာ နိုင်ငံများထဲမှ တစ်နိုင်ငံ
ဖြစ်သော်လည်း အတုပြုလုပ် ရောင်းချမည်ကို စိုးရိမ်ကြသောကြောင့် ၎င်းတို့၏ ပြည်ပပို့
ပျားရည်များကို နိုင်ငံတော်တော်များများတွင် တင်သွင်းခွင့် ပိတ်ပင်ထားသည်။
ကမ္ဘာ့စံချိန်တင် မှတ်တမ်းတွင် အဝတ်အစားမပါဘဲ စတန့်ထွင်ပြသမှုကိုသာ လက်ခံမည်
ဆိုသောကြောင့် ၎င်းကြိုးစားမှုမှာ ကမ္ဘာ့စံချိန် တင်စာရင်းတွင် မပါ၀င်နိုင်ခဲ့ကြောင်း စဲ့က
ပြောကြားသည်။
"တစ်ယောက်ယောက်က အဝတ်အစားမပါဘဲ ပျားတွေ တွယ်ကပ်ပြနိုင်တယ်ဆိုရင်တော့
ကျွန်တော့်အတွက် အံ့ဩစရာ အကောင်းဆုံး ပြကွက်ဖြစ်မှာပဲ" ဟု တရုတ်ပျားမွေးမြူရေးသမား
စဲ့ဖိန်း ကဆိုသည်။
အေအက်ဖ်ပီ

















