တရုတ်ကို ဆန့်ကျင်တဲ့အဖွဲ့ထဲ အင်ဒိုနီးရှား ပါသွားပြီ

တရုတ်ကို ဆန့်ကျင်တဲ့အဖွဲ့ထဲ အင်ဒိုနီးရှား ပါသွားပြီ

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မှာ မှတ်သားဖွယ်ကောင်းပြီး ဗျူဟာကျတဲ့ အနီ
မျဉ်းကြောင်းကို ဖြတ်ခဲ့တယ်။ ဒီဒေသတွင်းမှာ ဖြစ်ပေါ်လာတဲ့ လှိုင်းဂယက်တွေက ကြိုတင်ခန့်မှန်း
ရခက်သလို နှစ်လို့ဖွယ်ဖြစ်ဖို့လည်း ခက်တယ်။

တိုတိုပြောရရင်တော့ အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ကို
သူ့သဘောနဲ့သူ ပိုင်နက်နယ်ဆိုပြီး တစ်ဖက်သတ် သတ်မှတ်ထားတဲ့မျဉ်း (Nine-dash Line) နဲ့
ဒီပင်လယ်ကို သူတို့နိုင်ငံကသာ ပိုင်ဆိုင်တယ်ဆိုတဲ့ ပြောဆိုချက်ကို ဖိလစ်ပိုင်၊ မလေးရှား၊
ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတွေနဲ့အတူ ပွင့်ပွင့် လင်းလင်းချေပဖို့ ဆုံးဖြတ်လိုက်တဲ့ လုပ်ရပ်ပဲ
ဖြစ်တယ်။

ဒီပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ ခရိုင်းမီးယားဒေသကို ရုရှားနိုင်ငံ ကျူးကျော်တဲ့
လုပ်ရပ်နဲ့ယှဉ်လိုက်ရင် ကျောင်းသားလေးတစ်ယောက် နောက်ပြောင် ကျီစယ်တဲ့ အဆင့်သာ
ရှိတော့တယ်။

နောက်ဆုံးမှာတော့ အာဆီယံရဲ့ ထိပ်တန်း အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံကို ခြံစည်းရိုးပေါ် ထိုင်နေတဲ့
အဖြစ်ကနေ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲကာ တရုတ်နိုင်ငံကို နောက်ဆုတ်ဖို့
ပြောလိုက်တာပဲဖြစ်တယ်။

ဒီအချိန်မတိုင်မီက အင်ဒိုနီးရှားနိုင်ငံဟာ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ ပိုင်နက် နယ်မြေ
အငြင်းပွားမှုထဲ မပါဖို့ နေခဲ့တယ်။

အခုအခါမှာတော့ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ပေါင်းလိုက်တဲ့ အခါမှာတော့
နဂါးနီကို ဆန့်ကျင်တဲ့ ဒေသတွင်း ညီညီညွတ်ညွတ် ပေါင်းစည်းထားတဲ့ အုပ်စု ဖြစ်လာခဲ့တယ်။

မြွေတွင်းထဲ အင်ဒိုနီးရှားအစိုးရ ဘာကြောင့် ခုန်ဆင်းလာတာလဲ။ ပေကျင်းအစိုးရရဲ့ ဆယ်စုနှစ်
တစ်ခုတာ ကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်နက်ကို
တစ်စတစ်စကျူးလာတာ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံရဲ့ ပိုင်နက်ကို ကျူးကျော်လာတဲ့
အဖြစ်ကို စဉ်းစားကြည့်ပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်က တရုတ်ရေတပ်က Mischief Reef ကို ကျူးကျော်သိမ်းပိုက်ခဲ့တယ်။

ဤဒေသဟာ တရုတ်နိုင်ငံမှ ကီလိုမီတာ ရ၀၀ ဝေးခဲ့ပေမယ့် ဖိလစ်ပိုင်နိုင်ငံ ကမ်းရိုးတန်းမှ
ကီလိုမီတာ ၂၀၀ သာကွာဝေးတယ်။

ကီလိုမီတာ ၃၂၀ အတွင်းရှိတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးသီးသန့် စီးပွားဇုန် (EEZ) အတွင်းမှာ
ရှိနေတယ်။

မနီလာအစိုးရ ကန့်ကွက်နေတဲ့ကြားက တရုတ်အစိုးရဟာ အဲဒီကျောက်တန်းပေါ်မှာ
အထပ်ပေါင်းများစွာ ပါ၀င်တဲ့ အဆောက်အအုံ၊ ဆိပ်ခံတံတားတစ်ခု၊ ရေဒါအဆောက်အအုံတွေ၊
ရဟတ်ယာဉ်ဆင်းသက်ဖို့ ကွင်းနဲ့ တရုတ်နိုင်ငံအလံတွေကို လွှင့်ထူပြီးအခြေချခဲ့တယ်။

နောက်ပိုင်းမှာ ဆူးဘစ် ပင်လယ်နောက်မှ အနောက်ဘက် ၁၉၈ ကီလိုမီတာသာကွာဝေးတဲ့
Scarborough Shoal ကို ကျူးကျော် သိမ်းပိုက်ခဲ့ပြီး အခုအချိန်မှာ ပေကျင်း အစိုးရဟာ ဖိလစ်ပိုင်
ကမ်းရိုးတန်းနဲ့ ပို၍ပင် နီးတဲ့ Second Thomas Shoal ကို ရရှိဖို့ ကြိုးပမ်းနေတယ်။

တရုတ်နိုင်ငံဟာ အလားတူလုပ်ရပ်တွေကို ဗီယက်နမ်နိုင်ငံ ရေပိုင်နက်အတွင်းမှာရှိတဲ့ ကျွန်းတွေ
လိုလည်း ထပ်တလဲလဲ ပြုမူနေပြန်တယ်။

မကြာသေးခင်က မလေးရှားအရှေ့ပိုင်းအလွန် ရေထဲသို့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပြီး ဆာရာဝပ်
ကမ်းခြေနဲ့ ကီလိုမီတာ ၈၀ သာ ကွာဝေးတဲ့ James Shoal ကိုလည်း အငြင်းမပွားနိုင်တဲ့
အချုပ်အခြာအာဏာအဖြစ် ကြေညာခဲ့တယ်။

အခုအခါမှာတော့ အင်ဒိုနီးရှားနိုင်ငံပိုင် Natuna ကျွန်းစုတွေအနီး တရုတ် ငါးဖမ်း သင်္ဘာတွေ
လှုပ်ရှားနေတာကို မိပြီးတဲ့နောက် ဂျကာတာအစိုးရဟာ အငြင်းပွားမှုထဲကို ပါ၀င် လာခဲ့ရတယ်။

ရုတ်တရက်ဆိုသလို Natuna ကျွန်းရဲ့ EEZ ကိုပါ ထိပါးလာတာကို ဂျကာတာအစိုးရက
သိရှိလာခဲ့ရာ မြန်မြန်ဆန်ဆန် အရေးယူမှုတွေမလုပ်ရင် Mischief Reef ပုံစံအဆောက်အအုံမျိုး
တွေ အင်ဒိုနီးရှား ကမ်းခြေတစ်လျှောက် ပေါ်လာမယ့်အရေးကို မြင်လာမိတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါ၀ါက Nine-dash
Line ကို လက်မခံနိုင်ကြောင်းနဲ့ ပေကျင်းရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်
လိုချင်တယ်လို့ ပြောခဲ့တယ်။

တစ်ချိန်တည်းမှာပင် မနီလာအစိုးရကလည်း ပေကျင်းအစိုးရရဲ့ မြေသိမ်းတဲ့အမှုကို ကုလသမဂ္ဂ
ပင်လယ်ပြင်ဆိုင်ရာ ဥပဒေ သဘာတူညီချက် Convention on the Law of the Sea ခုံရုံးကို
တင်ပြထားပါတယ်။

တရုတ်နိုင်ငံ က ပါ၀င်ရန်ငြင်းဆန်ခဲ့ပြီး ဒီအမှုကို ရုပ်သိမ်းဖို့ ကုန်သွယ်ရေး အကျိုးခံစားမှုတွေနဲ့
Scarborough Shoal မှ နှစ်ဦးသဘောတူ ရုပ်သိမ်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဖိလစ်ပိုင်အစိုးရ
ကတော့ အလျှော့ မပေးဘူး။

အခုအခါမှာ မနီလာအစိုးရကိုလည်း မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့က လူသိရှင်ကြားထောက်တဲ့
အပြင် အင်ဒိုနီးရှားနိုင်ငံပါ ပါ၀င်လာတဲ့ အတွက် ဒီကိစ္စဟာ မတည်ငြိမ်ဘဲ အန္တရာယ်များတဲ့
အဆင့်ကို ရောက်လာတယ်။

ရေကြောင်းဆိုင်ရာ ပဋိပက္ခ တရုတ်နိုင်ငံနဲ့ ဖြစ်နေတယ်ဆိုတာကို အင်ဒိုနီးရှား နိုင်ငံက
လူသိရှင်ကြား ကြေညာလိုက်တာဟာ အခြေအနေကို ပြောင်းလဲဖို့ အလားအလာရှိသလို
တောင်တရုတ်ပင်လယ်တွင်းရှိ တင်းမာမှုတွေဟာ ပိုပြီးမြင့်တက်လာစရာ အကြောင်းရှိတယ်လို့
အမေရိကန်ပညာရှင် အန်းမာရီမာဖီက ဒီလထဲမှာ ပြောခဲ့တယ်။

ဒါတောင် ဒီကိစ္စနဲ့ ပတ်သက်လို့ သူက သိမ်မွေ့ညင်သာစွာ ပြောလိုက်တာဖြစ်တယ်။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)
(MTE)
သောင်းညွန့် ဘာသာပြန်သည်။