ဂျင်ဒို - နစ်မြုပ်သွားသည့် တောင်ကိုရီးယားခရီးသည်တင်သင်္ဘောအတွင်း ကျန်ရှိနေသေးသည့်
ရုပ်အလောင်းများကို အမြန်ဆုံးရှာဖွေပေးရန် ကျန်ရစ်သူ ဆွေမျိုးသားချင်းများ၏ဖိအားပေးမှုများ
အောက်တွင် ရေငုပ်ရှာဖွေရေး အဖွဲ့များက ရှာဖွေမှုများအရှိန်မြှင့် လုပ်ဆောင်ခဲ့ရာ အတည်ပြုနိုင်
သည့် သေဆုံးသူ အရေအတွက်မှာ ဧပြီလ ၂၂ ရက်နေ့၌ ၁၀၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ရာသီဥတုအခြေအနေ ကောင်းမွန်မှုနှင့် ပင်လယ်ပြင်၌ လှိုင်း၊ လေ ငြိမ်သက်မှုရှိခြင်းတို့က ၎င်းတို့၏
ရှာဖွေရေးလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေသော်လည်း ယခုအချိန်အထိ ပင်လယ်ရေ
အောက်ရှိ အရာများကို ထင်ထင်ရှားရှား မမြင်နိုင်သေးသဖြင့် ဧပြီလ ၁၆ ရက်နေ့က နစ်မြုပ်ခဲ့သည့်
သင်္ဘော၏ စင်္ကြံလမ်းများ နှင့် သင်္ဘောပေါ်မှ အခန်းငယ်များ၌ ရှာဖွေရေးများ ဆောင်ရွက်နေသော
ရေငုပ်ရှာဖွေရေးအဖွဲ့ များမှာ စမ်းတဝါးဝါး ရှာဖွေနေကြရသည်။
နစ်မြုပ်သွားသော တန်ချိန် ၆,၈၂၅ တန် ရှိသည့် ဆီဝူးလ် (Sewol) သင်္ဘောပေါ်တွင် ကျောင်းသူ
ကျောင်းသားအများစု အပါအဝင် လူပေါင်း ၄၇၆ ဦး လိုက်ပါသွားခဲ့ပြီး အတည်ပြုနိုင်သည့်
သေဆုံးသူစာရင်းမှာ ၁၀၄ ဦးရှိကာ ၁၉၈ ဦး ပျောက်ဆုံးနေကြောင်း ကမ်းခြေစောင့်အဖွဲ့၏
တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ပူဆွေးသောကရောက်နေကြသော ကျန်ရစ်သူ မိသားစုဝင်များက သင်္ဘော တိမ်းစောင်းနစ်မြုပ်ရာ
နေရာနှင့် မလှမ်းမကမ်းရှိ ဂျင်ဒိုကျွန်း ဆိပ်ကမ်းတွင် နံနက်ကတည်းက စုဝေးရောက်ရှိကြကာ
ဆိပ်ကမ်းသို့ မကြာမကြာ ဆိုက်ရောက်လာသော ထပ်မံရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများ
သယ်ဆောင်လာသည့် ရေယာဉ်များကို စောင့်ဆိုင်းလျက်ရှိကြသည်။
အဆိုပါ ခရီးသည်တင်သင်္ဘော နစ်မြုပ်မှုကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိများ ထိုးကြိတ်
ရိုက်နှက်ခံရခြင်း၊ ၀န်ကြီးချုပ်အပါအဝင် ထိပ်တန်း နိုင်ငံရေးသမားများကို အကျပ်ရိုက်စေခြင်းနှင့်
ကယ်ဆယ်ရေးအဖွဲ့များကို ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုများ နှေးကွေးကြန့်ကြာသည်ဟု
ပြစ်တင်ဝေဖန်ခြင်းများ ပေါ်ပေါက်လာသည်။
လူအများ မုန်းတီးမှုအခံရဆုံးမှာ သင်္ဘောမာလိန်မှူး လီဂျွန်ဆွတ် (Lee Joon Seok) ဖြစ်ပြီး
၎င်းကို ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က ဖမ်းဆီးခဲ့ကာ ပေါ့ဆမှု၊ သင်္ဘောနစ်မြုပ်ချိန်တွင်
ခရီးသည်များကို ပစ်ထားခဲ့ကာ ကိုယ်လွတ် ရုန်းထွက်ပြေးခဲ့မှုတို့ဖြင့် စွဲချက်တင်ထားသည်။
ထို့ပြင် အခြားသင်္ဘောသား ခြောက်ဦးကိုလည်း ဖမ်းဆီးထားသည်။
တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက ဧပြီလ ၂၁ ရက်နေ့၌ ဂျင်ဒိုကျွန်းပေါ်ရှိ ကျန်ရစ်သူ
မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် သင်္ဘော မာလိန်မှူးနှင့် ၀န်ထမ်းအချို့၏ လုပ်ရပ်များမှာ
လူသတ်မှုနှင့် အလားတူကြောင်း ပြောခဲ့သည်။
သင်္ဘောမာလိန်မှူးက သင်္ဘော စတင်နစ်မြုပ်တော့မည့် အချိန်တွင် ခရီးသည်များကို ၎င်းတို့၏
နေရာများ၌သာနေကြရန် ညွှန်ကြားကာ မိနစ် ၄၀ ခန့် အချိန်ဖြုန်းခဲ့ခြင်းက ထိုသို့
လူအမြောက်အမြား သေဆုံးခဲ့ရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။
သင်္ဘောကို စွန့်ခွာရန် နောက်ကျပြီးမှ အမိန့်ပေးရခြင်းမှာ ခရီးသည်များ ရေနစ် ကုန်မည်စိုး
သောကြောင့်ဖြစ်ကြောင်း၊ ခရီးသည်များ၏ အကျိုးအတွက် ၎င်းက ထိုသို့ ညွှန်ကြားရခြင်း
ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
ဧပြီလ ၂၂ ရက်နေ့၌ ရေငုပ်သမားများ ဦးစားပေးရှာဖွေမည့်နေရာမှာ သင်္ဘော၏ ပင်မ
စားသောက်ခန်းမကြီးဖြစ်ကြောင်း ကမ်းခြေ စောင့်အရာရှိတစ်ဦးက သတင်းထောက်များကို
ပြောကြားခဲ့သည်။
သင်္ဘောနစ်မြုပ်ချိန်မှာ နံနက်ပိုင်းဖြစ်သောကြောင့် နံနက်စာစားရန် ကျောင်းသူကျောင်းသားများ
စားသောက်ခန်းမအတွင်း ရောက်နေမည် ဖြစ်ရာ ထိုနေရာ၌ ရုပ်အလောင်း အများအပြား
တွေ့ရှိရမည်ဟု ယူဆကြောင်း ၎င်းကပြောကြားခဲ့သည်။
အေအက်ဖ်ပီ

















