ဆိုးလ် - မြောက်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတစ်ရပ်ကို
မေလ၂ ရက်နေ့က ယင်း၏ နိုင်ငံပိုင်သတင်းဌာန ကကြေညာခဲ့ပြီး စစ်တပ်တွင် နိုင်ငံရေးဆိုင်ရာ
အကြီးအကဲအဖြစ် အစားထိုးခန့်အပ်ခြင်းခံရသည့် ယင်းပုဂ္ဂိုလ်၏ ရာထူးနေရာသည် မြောက်ကိုရီး
ယားနိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန်းပြီးလျှင် ဒုတိယအာဏာအရှိဆုံး ရာထူးနေရာဖြစ်ကြောင်း
သိရသည်။
မြောက်ကိုရီးယားအစိုးရ သတင်းဌာန (KCNA) က ပြံုယန်းတွင်ကျင်းပသော မေဒေး နေ့ အခမ်း
အနားသတင်းတွင် ဟွမ်ပြောင်ဆိုကို ကိုရီးယားပြည်သူ့တပ်မတော် (ကေပီအေ) ၏ ညွှန်ကြားရေး
မှူးအဖြစ် ဖော်ပြခဲ့သည်။
စောစော ပိုင်းက ၎င်းရာထူးနေရာကို တာဝန်ယူထားသော ချိုယောင်ဟေး မဟုတ်တော့ပေ။ နိုင်ငံ
တကာက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေသော်လည်း ဂြိုဟ်တု ဓာတ်ပုံများ အရ
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်မှုများပြုလုပ်ရာ အဓိကနေရာတွင် မကြာသေးမီ
အချိန်အတွင်း လှုပ်ရှားဆောင်ရွက် မှုများတိုးပွားလာသည်ကို တွေ့ရှိခဲ့ပြီးနောက် လေးကြိမ်မြောက်
နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ရန် မြောက်ကိုရီးယားနိုင်ငံက ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး
စိုးရိမ်မှုများ တိုးပွားလာချိန်တွင် ထိုသို့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပေါ်ပေါက်လာခြင်းဖြစ်
သည်။
အသက် ၆၄ နျစ်အရွယ် ဟွမ်ပြောင်ဆိုကို ဧပြီလ ၂၈ ရက်နေ့က ဒုတိယ စစ်သေနာပတိချုပ်
ရာထူး တိုးမြှင့်ခန့်အပ်လိုက်ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ရက်အနည်းငယ်
အတွင်း ၎င်း၏ ရာထူး အပြောင်းအလဲပေါ်ပေါက်လာခြင်းဖြစ်သည်။
ဒုတိယ စစ်သေနာ ပတိချုပ်ရာထူးနေရာကို ဟွမ်ပြောင်ဆိုအပြင် ချိုယောင်ဟေးနှင့် အခြားပုဂ္ဂိုလ်
လေးဦးတို့ မျှဝေ တာဝန်ယူထားသော ရာထူးနေရာဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင်
ကင်၏ ဦးလေး ဂျန်ဆောင်သက် ဒီဖင်ဘာလက ကွပ်မျက် ခံခဲ့ရပြီးနောက်ပိုင်း မြောက်ကိုရီးယား
စစ်တပ် အကြီးအကဲ နံပါတ် (၂) နေရာကို တရားဝင် လက်လွှတ်ရလိမ့်မည်ဟု အများ၏ ထင်မြင်
ယူဆ ခြင်းခံရသူ ချိုယောင်ဟေးနှင့် ပတ်သက်သည့် သတင်းကိုမူ လောလောဆယ်တွင် အသေ
အချာ မသိရှိရသေးပေ။ ချိုယောင်ဟေးသည် ကွန်မြူနစ်နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်
မတီဝင် ပေါ်လစ်ဗျူရိုကော်မတီ၏ လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်ကာ ဗဟိုစစ်ကော်မရှင်နှင့် အမျိုးသား
ကာကွယ်ရေးကော်မရှင် နျစ်ရပ်စလုံး၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။
ချိုယောင်ဟေးကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက ထူးထူးခြားခြားပင် ရက်သတ္တသုံးပတ်ကြာ
အောင် လူမြင်ကွင်းမှ ပျောက်နေခဲ့သောကြောင့် ၎င်းမှာ ဖမ်းဆီးခံရပြီး ရာထူးမှ ထုတ်ပယ် ခံရဖွယ်
ရှိသည်ဟူသော သတင်းများ ယခုနှစ်အစောပိုင်းက ထွက်ပေါ်ခဲ့သေးသည်။ မတ်လက ကင်၏ဘေး
၌ ချိုယောင်ဟေးကိုတွေ့ခဲ့ရပြန်သဖြင့် ၎င်းအချိန်အကြာကြီး လူမြင် ကွင်းသို့ ထွက်ပေါ်မလာရ
သည့် အကြောင်းမှာ ကျန်းမာရေးမကောင်း၍ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့ကြသည်။
"ချို ရာထူးက အထုတ်ခံရတယ်လို့တော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ကျန်းမာရေး အခြေအနေ၊
ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့် သူ့ကို ဘေးဖယ်ထားလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပါ
တယ်" ဟု ဆိုးလ်မြို့ရှိ မြောက်ကိုရီးယား လေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ ယန်မူးဂျင်ကပြော
ကြားခဲ့သည်။
ဟွမ်ပြောင်ဆို၏ မြောက်ကိုရီးယား စစ်တပ်၌ ရရှိထားသည့် ရာထူးအဆင့်အတန်း၊ နေရာအပြင်
ခေါင်းဆောင်ကင်နှင့် နီးကပ်သည့် ဆက်ဆံရေး များကြောင့် ယခုအခါ ၎င်းမှာ မြောက်ကိုရီးယား
နိုင်ငံ၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်လာသည်ဆိုခြင်းကို လက်ခံသဘောတူကြောင်း
ယန်က ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















