နော်ရူး၌ ဖေ့စ်ဘွတ်ခ်သုံးစွဲမှု ပိတ်ပင်ပြီး အတိုက်အခံများနှိပ်ကွပ်မှု ကုလဝေဖန်

နော်ရူး၌ ဖေ့စ်ဘွတ်ခ်သုံးစွဲမှု ပိတ်ပင်ပြီး အတိုက်အခံများနှိပ်ကွပ်မှု ကုလဝေဖန်

၀ယ်လင်တန် - ပစိဖိတ်သမုဒ္ဒရာထဲက သေးငယ်သည့် ကျွန်းနိုင်ငံလေးဖြစ်သော နော်ရူးနိုင်ငံတွင်
ဖေ့စ်ဘွတ်ခ်အပါအဝင် အင်တာနက်အသုံးပြုမှုကို ပိတ်ပင်ထားသည့် အတွက် ကုလသမဂ္ဂက
မေ ၂၅ ရက်က ပြစ်တင်ဝေဖန်ခဲ့ပြီးလွတ်လပ်စွာ ပြောဆိုခွင့်ကို အာဏာသုံး၍ နှိပ်ကွပ်ထားခြင်းကို
ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။

လူဦးရေ ၁၀,၀၀၀ နေထိုင်ရာ အဆိုပါ နိုင်ငံတွင် အပြာရုပ်ရှင်များကို တားမြစ် ပိတ်ပင်ခြင်းဖြစ်သည်
ဟုဆိုကာ အင်တာနက် အသုံးပြုမှုကို ပြီးခဲ့သည့်လက ဖြတ်တောက် ခဲ့သောကြောင့် ဖေ့စ်ဘွတ်ခ်ကဲ့သို့သော
လူမှု မီဒီယာ ၀က်ဘ်ဆိုက်များကိုလည်း အသုံး မပြုနိုင်တော့ပေ။ အဆိုပါကျွန်းက အုပ်ချုပ်သူခေါင်းဆောင်များ
ပြဋ္ဌာန်းသည့် ဥပဒေများက နိုင်ငံရေး ဆန္ဒပြသူများကို ထောင်ဒဏ် ခုနစ်နှစ်ချမှတ်နိုင်မည်ဖြစ်ကြောင်း
ဝေဖန်သူများက ပြောကြားခဲ့သည်။

ထိုကျွန်းပေါ်၌ ခိုလှုံခွင့်တောင်းခံသူများကို ခေတ္တထိန်းသိမ်း ထားရာ စခန်းတစ်ခုတည်ရှိပြီး ယင်းကို
ဩစတြေးလျနိုင်ငံက ဖွင့်လှစ်ထားခြင်းဖြစ် သည်။ ပိတ်ပင်မှုများမှာ ပြင်းထန်လွန်း သောကြောင့်
ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ကုလသမဂ္ဂ
အထူးကိုယ်စားလှယ် ဒေးဗစ်ကေးက ဆိုသည်။

"သဘောထားကွဲလွဲမှုတွေကို ပိတ်ပင် တားဆီးဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ ခုခံ ပြောဆိုသူတွေ၊
ပညာတတ်တွေ၊ သတင်း ထောက်တွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေး သမားတွေနဲ့ အရပ်ဘက်
ပြည်သူတွေကို ဟန့်တားဖို့အတွက် ဒီဥပဒေသစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်" ဟု
၎င်းက မေ ၂၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ကွဲလွဲသည့် သဘောထားအမြင်များကို ဆွေးနွေးရန် နော်ရူးနိုင်ငံ၌ ဖေ့စ်ဘွတ်ခ်ကို အဓိကထား
အသုံးပြုကြပြီး နိုင်ငံအတွင်းရှိ ခိုလှုံခွင့် တောင်းခံသူများနှင့် ဒုက္ခသည်များ ကို ၎င်းတို့အခြေအနေနှင့်
ပတ်သက်သည့် သတင်းအချက်အလက်များ မရရှိစေလိုသည့်ရည်ရွယ်ချက်ဖြင့် အင်တာနက်
အသုံး ပြုမှုပိတ်ပင်ခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန် ကြောင်း ကေးကဆိုသည်။ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်မှာ ဒီမိုကရေစီစနစ်အတွက် အဓိကကျကြောင်း ပြောဆိုကာ အင်တာနက်
ပိတ်ပင်ထားခြင်း ကို ပယ်ဖျက်ပေးရန် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ယခုလအစောပိုင်းက နော်ရူးနိုင်ငံကို တောင်းဆိုခဲ့ပြီးနောက် ကေး၏ပြောကြားချက်
ထွက်ပေါ်လာခြင်းဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များ၏ ပြောဆိုမှု များ ရှိလင့်ကစား
ဩစတြေးလျနိုင်ငံသို့ လှေများဖြင့် ရောက်လာသည့် ခိုလှုံခွင့် တောင်းခံသူများအားလုံးကို
ဩစတြေးလျ ကနော်ရူးနှင့် ပါပူးဝါးနယူးဂီနီနိုင်ငံတို့ရှိ ခိုလှုံခွင့်တောင်းခံသူများ ခေတ္တထိန်းသိမ်း ရာ
စခန်းများသို့ ၂၀၁၃ ခုနှစ်က စတင်ပို့ ဆောင်ခဲ့သည်။ အင်တာနက်ဖြတ်တောက်မှုက ခိုလှုံခွင့်
တောင်းခံသူများနှင့် မသက်ဆိုင်ကြောင်း နော်ရူးသမ္မတ ဘာရွန် ၀ါကာက ယခုလထုတ် ပြန်သည့် ကြေညာချက်တစ်စောင်တွင် ပြောကြားထားသည်။