ဆိုးလ် - ပတ်ဂွမ်ဟေးသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး
အမျိုးသမီးသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့အပြီး မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများကိုလုံးဝ
သည်းခံလိမ့်မည်မဟုတ်ကြောင်း ကတိ ပြုပြောဆိုခဲ့ကာ မြောက်ကိုရီးယားနိုင်ငံ ကိုလည်း ယင်းတို့
၏နျူကလီးယားရည်မှန်းချက်များကို ချက်ချင်းစွန့်လွှတ်သွားရန် တောင်းဆိုလိုက်သည်။
အာရှတိုက်၏ စတုတ္ထစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေနှင့် စစ်အာဏာ
ရှင်ဟောင်း တစ်ဦး၏သမီးဖြစ်သူ အသက် ၆၁ နှစ် အရွယ်ပတ်သည် စီးပွားရေးနှေးကွေးလာမှုနှင့်
ကမ္ဘာပေါ်ရှိ အိုမင်းသူအရေအတွက် အလျင်အမြန်များပြားလာနေ သော နိုင်ငံတစ်နိုင်ငံအတွက်
လူမှုဖူလုံ ရေးစရိတ်စကကြီးမြင့်လာမှုများ အပါအဝင် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံရှေ့မှ ပရိသတ် ပေါင်း ရ၀,၀၀၀ ရှေ့မှောက်၌
ကျမ်းသစ္စာကျိန်ဆိုရာတွင် ၎င်းက မြောက်ကိုရီးယားနိုင်ငံအား ၎င်း၏ နျူကလီးယားလက်နက်
ထုတ်လုပ်ရေး အကြံကြီးမှုကို ဖင့်နွှဲခြင်းမရှိဘဲ စွန့်လွှတ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင်းသို့ ပြန်
လည်ဝင်ရောက်ရန် တောင်းဆိုလိုက်သည်။
မြောက်ပိုင်းနိုင်ငံသည် ၎င်း၏ တတိယ နျူကလီးယားစမ်းသပ်မှုကို ယခုလအစောပိုင်းတွင် လုပ်
ဆောင်ခဲ့ရာ ယင်းလုပ်ရပ်အား ကမ္ဘာတစ်ဝန်းက ပြစ်တင်ရှုတ်ချမှုပြုခဲ့ကြပြီး ကုလသမဂ္ဂ လုံခြံုရေး
ကောင်စီက ပိုမိုပြင်းထန်သော စီးပွားရေးပိတ်ဆို့ အရေးယူမှုပြုလုပ်မည်ဟု သတိပေးပြောကြား
လိုက်သည်။
"မြောက်ကိုရီးယားနိုင်ငံရဲ့ မကြာမီက ပြုလုပ်ခဲ့တဲ့ နျူကလီးယားလက်နက်စမ်းသပ်မှုဟာ ကိုရီးယား
ပြည်သူတွေရဲ့ အသက်ရှင်ကျန်ရစ်မှုနဲ့ အနာဂတ်အရေးအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပါတယ်။
ဒါ့ပြင် ဒီဖောက်ခွဲစမ်းသပ်မှုရဲ့ သားကောင်ဟာ မြောက်ကိုရီးယား နိုင်ငံသားတွေဖြစ်တယ်ဆိုတာ
မလွဲ မသွေတဲ့ အချက်ဖြစ်ပါတယ်။
"ကျွန်မဘက်ကတော့ ကျွန်မတို့ နိုင်ငံသားတွေရဲ့အသက်နဲ့ ကျွန်မတို့ နိုင်ငံရဲ့ လုံခြံုမှုကိုခြိမ်းခြောက်
တဲ့ အပြုအမူဟူသမျှကို သည်းခံမှာမဟုတ်ပါဘူး"ဟုလည်း ၎င်းက ပြောကြားလိုက်ပြီး မြောက်
ကိုရီးယားနှင့် ယုံကြည်မှုတည်ဆောက်ရေးပေါ်လစီကို ဆက်လက်လုပ်ဆောင်သွားမည်ဟု လည်း
ပြောကြားလိုက်သည်။
စောင့်ကြည့်လေ့လာသူများကမူ ၎င်း၏ရွေးချယ် လုပ်ဆောင်နိုင်မှုများကို မြောက်ကိုရီးယား၏
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နျူကလီးယားစမ်းသပ်မှုအပေါ် နိုင်ငံတကာ ကန့်ကွက်ပြောဆိုမှုများက
ကန့်သတ်မှုပြုထားမည်ဖြစ်ပြီး ယင်း စမ်းသပ်မှုသည် ၎င်း၏ အာဏာရ ကွန်ဆာဗေးတစ်ပါတီတွင်း
မှာ မျက်နှာချင်းဆိုင်၍ အပြန်အလှန် ဈေးဆစ် ပြောကြားမှုများအား ဆန့်ကျင်သည့် သဘောထား
တင်းမာသောသူများကို ပိုမိုအတင့်ရဲလာစေဖွယ်ရှိကြောင်းလည်း ပြောကြားလိုက်သည်။
ရာသီဥတု ချမ်းအေး၍ မိုးသားများ အုံ့ဆိုင်းနေသည့် တနင်္လာနေ့တွင် ပြုလုပ်သော နှစ်နာရီကြာ
သမ္မတအား ပထမဆုံးအကြိမ် တင်မြှောက်ပွဲအခမ်း အနားတွင် အမြောက် ၂၁ ချက် ပစ်ဖောက်
အလေးပြုမှုလည်း ပါ၀င်သည်။
သမ္မတ ပတ် ရောက်မလာမီ လူထုပရိသတ်အား နွေးထွေးစေရန် ပြုလုပ်သည့် ဆောင်ရွက်မှု
တစ်စိတ် တစ်ဒေသအဖြစ် တစ်ကမ္ဘာလုံးတွင် 'ပေါ့ဟစ်'အဖြစ် နာမည်ကြီးလျက်ရှိသော ဂန်းနမ်း
စတိုင် (Gannam Style) တေးသီချင်းကို ကိုရီးယားရက်ပါ PSY က ဦးဆောင်သီဆိုခဲ့သည်။
အမျိုးသမီးသမ္မတ ပတ်သည် ၎င်း၏ ဖခင်ဖြစ်သူ တောင်ကိုရီးယားနိုင်ငံ၏ ကွယ်လွန်သူအာဏာရှင်
နှင့် ကွန်မြူနစ် ၀ါဒကို အလွန်မုန်းတီးသူ ကွန်မြူနစ် ဆန့်ကျင်ရေးသမား ပတ်ချွန်ဟီး စစ်အုပ်စုဖြင့်
အာဏာသိမ်းဆည်းခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ ကျော် အကြာတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရခြင်း
ဖြစ်သည်။
(အေအက်ဖ်ပီ)

















