အင်ဒိုနီးရှား အာဏာရပါတီဥက္ကဋ္ဌ လာဘ်စားသည်ဟု ဖော်ထုတ်ခံရ

အင်ဒိုနီးရှား အာဏာရပါတီဥက္ကဋ္ဌ လာဘ်စားသည်ဟု ဖော်ထုတ်ခံရ

ဂျကာတာ - အင်ဒိုနီးရှားအစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (KPK) သည်
ဒေါ်လာ သန်းပေါင်းများစွာ လာဘ်စားမှုတစ်ခု နှင့်ပတ်သက်၍ သင်္ကာမကင်းသူအဖြစ် အာဏာရ
ပါတီဥက္ကဋ္ဌအား ဖေဖော်ဝါရီ လ ၂၂ ရက်က နာမည်ဖော်ထုတ် ကြေညာလိုက်ရာ ယင်းမှာ ၂၀၁၄
ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း သမ္မတကြီး၏ပါတီအပေါ် ကျရောက်လာသည့်
နောက်ဆုံး ထိုးနှက်ချက်ပင် ဖြစ်သည်။

ကော်မရှင်၏ ကြေညာချက်တွင် သံသယအဖြစ်ခံရသည့် အာဏာရ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ
အနပ်စ်အာ ဘန်အင်ဂရမ်၏ အမည်ကို AU ဟူ၍သာ အတိုကောက် အက္ခရာနှစ်လုံးဖြင့်သာ ဖော်ပြ
ထားကြောင်း ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဂျိုဟန်ကဆိုသည်။

၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် ဂျကာတာမြို့အနီးတွင် ရူပီးယား ၁ ဒသမ ၁၇ ထရီလျံ (အမေရိကန်
ဒေါ်လာ ၁၂၀ ဒသမ ၅ သန်း) အကုန်အကျခံ၍ ဟမ်ဘလန် အားကစားရုံတည်ဆောက်ရေးစီမံချက်
၌ AU က လာဘ်လာဘအဖြစ် လက်ဆောင်ပစ္စည်းများ၊ သို့မဟုတ် လက်ဆောင်ပစ္စည်းများလက်ခံ
ရယူသည့် ကတိကဝတ်များ ပြုခဲ့သော အထောက်အထားများ မိမိတို့၌ရရှိထားသည်ဟုလည်း ဆို
သည်။

ယင်းသတင်းဆိုးသည် အဂတိလိုက်စားမှုများ နှိမ်နင်းနေသော ကာလအတွင်း ၂၀၀၉ ခုနှစ်က
ဒုတိယအကြိမ် မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရ သမ္မတဖြစ်လာခဲ့သော လက်ရှိသမ္မတ
ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနိုအတွက် အရှက်ရဖွယ်တစ်ရပ် ဖြစ်သွားသည်။

ယခင်နှစ် ဒီဇင်ဘာလ အစောပိုင်းတွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်လည်း ဆောင်ရွက်လေ့ရှိ
သော အားကစားဝန်ကြီး အင်ဒီမာလာရန်ဂျင် မှာ ယခုကိစ္စနှင့်ငြိစွန်းနေ၍ ရာထူးမှ နုတ်ထွက်ခဲ့ရပြီး
ဖြစ်သည်။

၎င်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (KPK) စတင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်
၂၀၀၃ ခုနှစ် မှ ယနေ့ထိ လာဘ်ယူမှုဖြင့် ပထမဆုံး နုတ်ထွက်သွားရသော ၀န်ကြီးဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ၏ ဘဏ္ဍာထိန်းဟောင်း မိုဟာမက် နာဇရူဒင်သည်လည်း အားကစားဆိုင်ရာ
လာဘ်ယူမှု တစ်ခုဖြင့် ယခင်နှစ် ဧပြီလက သီးခြား ထောင်ဒဏ် လေးနှစ်နှင့်ဆယ်လကြာ အပြစ်ပေး
ခံခဲ့ရသည်။

အာဘာနင်ဂရမ် (၄၃ နှစ်) သည် အင်ဒိုနီးရှား၏ အသက်အငယ်ဆုံး ပါတီခေါင်းဆောင်တစ်ဦးဖြစ်
သည်။

၂၀၁၀ ပြည့်နှစ်တွင် အားကစားဝန်ကြီးဟောင်း အင်ဒီမာလာရန်ဂျင်ကို အနိုင်ရပြီး ပါတီဥက္ကဋ္ဌဖြစ်
လာခဲ့သည်။

အင်ဒိုနီးရှားအစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းသည် ယခင် ဆယ်စုနှစ်ကာလတွင်
အောင်မြင်မှုများရှိခဲ့သော်လည်း ယခင်နှစ်အနည်း ငယ်မှစ၍ ပြန်လည်ဆိုးရွားလာသည်။

ပွင့်လင်းမြင်သာမှု နိုင်ငံတကာအဖွဲ့ (TI) ၏ ယခင်နှစ် ဒီဇင်ဘာလ နောက်ဆုံး ထုတ်ပြန်သည့်
ညွှန်းကိန်းအရ အဂတိလိုက်စားမှုအများဆုံး ကမ္ဘာ့နိုင်ငံများ စာရင်းတွင် အင်ဒိုနီးရှားသည် ၁၁၈ နေ
ရာမှ ၁၇၆ နေရာသို့ ရောက်သွားခဲ့သည်။

(အေအက်ဖ်ပီ)