သီရိလင်္ကာ သတင်းထောက် လုပ်ကြံခံရ

သီရိလင်္ကာ သတင်းထောက် လုပ်ကြံခံရ

ကိုလံဘို - သီရိလင်္ကာနိုင်ငံတွင် သတင်းမီဒီယာသမားများ တိုက်ခိုက်ခံရမှုများအနက်မှ မကြာမီ
ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ သတင်းဖြစ်ရပ်တစ်ခုကို အစမှအဆုံး ဘက်ပေါင်းစုံက သေသေချာ
ချာ စူးစမ်းလေ့လာ သတင်းရေးသားသည့် သတင်းထောက် (စုံစမ်းစစ်ဆေး သတင်းရေးသားသူ)
တစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အသက်အန္တရာယ်မှ လွတ်မြောက်လာပြီးနောက်တွင် သီရိလင်္ကာ
နိုင်ငံမှ သတင်းစာ တစ်စောင်က 'ခြောက်တိုင်း ကြောက်မည်မဟုတ်ကြောင်း' ဖေဖော်ဝါရီလ ၁၇
ရက်နေ့က ရေးသားခဲ့သည်။

ပုဂ္ဂလိကပိုင် Sunday Leader သတင်းစာမှ သတင်းထောက်တစ်ဦးဖြစ်သူ အသက် ၅၄ နှစ်အရွယ်
ဖာရက်ဇ် ရှူကက်တလီ၏ လည်ပင်းကို ထိမှန်သွားသောကျည်ဆန်ကို ပြန်လည်ထုတ်ယူပြီးနောက်
၎င်းမှာ ကိုလံဘို ဆေးရုံတစ်ရုံရှိ အထူးကြပ်မတ် ကုသ ဆောင်တွင် ဆေးကုသမှုခံယူနေရပြီး
ကျန်းမာရေးအခြေအနေ တဖြည်းဖြည်း ကောင်းမွန်လာပြီဖြစ်ကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ
အမျိုးသမီး ပွတ်ရှ်ပါ ဆွိုင်ဆာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အဆိုပါသတင်းထောက်မှာ ကိုလံဘိုမြို့ ဆင်ခြေဖုံးအရပ်ဒေသတစ်ခုရှိ ၎င်း၏ နေအိမ်တွင်
ဖေဖော်ဝါရီလ ၁၅ ရက် နေ့ညက တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလကလည်း
လာဆန်သာ ၀စ်ခ်ရီမာတွန်ဂျ်ဆိုသူ Sunday Leader သတင်းစာ၏ အယ်ဒီတာတစ်ဦး ပစ်သတ်
ခံခဲ့ရသည်။

"သေချာတာတစ်ခုကတော့ ဖာရက်ဇ် ကို တိုက်ခိုက်တဲ့လုပ်ရပ်က ကျွန်တော်တို့ သတင်းစာကို
ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြောက်စိတ်မဝင်ဘဲ ရှေ့ဆက်လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်" ဟု Sunday Leader သတင်းစာက ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားမှုများရှိသည်ဟု ဆိုသော သီရိလင်္ကာနိုင်ငံ၏ စွမ်းအင် ကဏ္ဍအကြောင်း ရှူကက်
တလီက သတင်းရေးသား ပေးပို့ခဲ့သည့်အတွက် သူရေးသားခဲ့သည့် သတင်းများကြောင့် သေနတ်
သမားများက လုပ်ကြံခဲ့သည် ဟုယူဆရကြောင်း ၎င်း၏အယ်ဒီတာ ဖြစ်သူ ရှာကွန်တာလာပီရီယာ
က ပြောကြားခဲ့သည်။

ဗြိတိသျှနှင့် သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံ စလုံး၏ နိုင်ငံသားအဖြစ် ခံယူထားသော ရှူကက်တလီကို
၎င်းတက်ရောက် ကုသနေသောဆေးရုံ၌ ကိုလံဘိုမြို့ရှိ ဗြိတိသျှ သံရုံးဝန်ထမ်းများက လာရောက်
ကြည့်ရှုခဲ့သည်။

တိုက်ခိုက်မှုကြောင့် ထိတ်လန့်အံ့ဩ မိကြောင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ နိုင်ငံခြားရေးရုံးက ပြော
ကြားခဲ့ပြီး ဗြိတိန်နိုင်ငံ၏ အရှေ့တောင်အာရှ ၀န်ကြီး အလစ္စတဲ ယားဘာ့တ်ကလည်း တိုက်ခိုက်မှု
နောက်ကွယ်မှ လူများကို ရှာဖွေဖော်ထုတ်ရန် သီရိလင်္ကာနိုင်ငံအစိုးရအာဏာပိုင်များကို တိုက်တွန်း
ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)