လူရှန် (တရုတ်ပြည်) - တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဆီချွမ်ပြည်နယ် တွင်
ဧပြီ ၂၀ ရက်နေ့က အင်အား ၆ ဒသမ ၆ ရှိ မြေငလျင်လှုပ်ရာ လူ ၁၈၈ ဦးထက် မနည်း သေဆုံးပြီး
၁၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု အစိုးရ မီဒီယာမှ တရားဝင် ကြေညာသည်။
ဆီချွမ်ပြည်နယ် အာဏာပိုင်များ၏အဆိုအရ အိမ်ထောင်စု ၁၇,၀၀၀ ခန့်မှာ ၎င်းတို့၏ အိမ်များပြို
ကျပျက်စီး၍ ဆုံးရှုံးသွားကြသည်။ ဧပြီ ၂၂ ရက်အထိ လူ ၂၅ ယောက် ပျောက်ဆုံးနေသည်။
တောင်ထူထပ်သော ဆီချွမ်ပြည်နယ် တွင် ပြင်းထန်သော ငလျင်ကြောင့် မြေပြိုခြင်း၊ လမ်းပိတ်
ဆို့ခြင်းများကြောင့် ကယ်ဆယ်ရေးသမားများအဖို့ အသက် မသေ ကျန်ရစ်သူများကို ရှာဖွေရာ
တွင် အခက်အခဲကြီးစွာ တွေ့လျက်ရှိသည်။
အဆိုးဝါးဆုံး ထိခိုက်ခံရသော ဒေသသို့ ကယ်ဆယ်ရေးမော်တော်ယာဉ်များ သွားရာတွင် လမ်းပေါ်
တွင် ကြီးမားသော ကျောက်တုံးကြီးများဖြင့် ပိတ်ဆို့နေ သဖြင့် အချို့နေရာများတွင် ခြေကျင်
လျှောက်သွားကြရသည်။
လူအိုများအပါအဝင် အသက်မသေ ကျန်ရစ်သူများကို အိမ်နီးချင်းများက ကျောပိုး၍ သယ်ထုတ်
ခဲ့ကြရပြီး ရဟတ် ယာဉ်များဖြင့် သယ်ပို့ပေးခဲ့ကြသည်။ ထောင်နှင့်ချီသော အရပ်သူအရပ်သားများ
က ကယ်ဆယ်ရေးသမားများကို ၀ိုင်းဝန်းကူညီ လုပ်အားပေးခဲ့ကြသည်။ မြေပြိုရာတွင် ရောပြွမ်းပါ
၀င်သွား သော မော်တော်ကားနှင့် မော်တော် ဆိုင်ကယ်များကို မြေထိုးမြေကော် စက်ကြီးများဖြင့်
ကော်ထုတ်ဖယ်ရှားနေ သည်။
အဓိက မြေငလျင်ကြီးလှုပ်ပြီး နောက် နောက်ဆက်တွဲ မြေငလျင်သေး လေးပေါင်း ၂,၀၀၀ ကျော်
ဆက်တိုက် လှုပ်ခဲ့သေးရာ လူအများထိတ်လန့် ကြောက်ရွံ့နေကြသည်။ ၀န်ကြီးချုပ် လီကီကျန်း
သည် ငလျင် ဒဏ်ကျရောက်သော နေရာသို့ ၂၀ ရက် နေ့က ချက်ချင်းရောက်ရှိလာပြီး ကယ်ဆယ်
ရေးလုပ်ငန်းများကို ကိုယ်တိုင်ကြီးကြပ် လုပ်ဆောင်ပေးခဲ့ သည်။ ၎င်းကို မတ်လအတွင်းက ၀န်ကြီး
ချုပ်ရာထူးကို ခန့်အပ်အပြီး ယခုဖြစ်ရပ် သည် ဘေးဆိုးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းတွင် ၀န်ကြီး
ချုပ်သစ်ကို ပထမ ဆုံး စမ်းသပ်လိုက်ခြင်းပင်ဖြစ်သည်။
ကယ်ဆယ်ရေးလုပ်သားများကို စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၇,၀၀၀ က ပါ၀င်ကူညီလျက်ရှိပြီး မောင်း
သူမဲ့ လေယာဉ်ငါးစင်း စေလွှတ်၍ အပျက် အစီးများကို ကောင်းကင်မှ ဓာတ်ပုံရိုက် မှတ်တမ်းတင်
ရယူလျက်ရှိသည်။
လွန်ခဲ့သော ငါးနှစ်ကလည်း ဆီချွမ် ပြည်နယ် လူရှန်မြို့မှ ၁၂၄ မိုင်အကွာ တွင် အင်အားပြင်းထန်
လှသော ငလျင် ကြီး လှုပ်ခဲ့ရာ လူပေါင်း ၉၀,၀၀၀ ကျော် သေဆုံးခြင်း၊ သို့မဟုတ် ပျောက်ဆုံးခဲ့ရ
သည်။
၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော ထိုငလျင်တွင် အခြားအဆောက်အအုံ များ မပြိုကျဘဲ စာသင်
ကျောင်းများစွာ ပြိုကျ၍ ကလေးများစွာ သေဆုံးခဲ့ရ သဖြင့် စာသင်ကျောင်းဆောက်လုပ်ရေး တွင်
အဂတိ လိုက်စားမှုရှိခဲ့ခြင်း သံသယ ကြောင့် လူထုက အမျက်ဒေါသထွက်ခဲ့ ကြရဖူးသည်။
(အေအက်ဖ်ပီ)

















