ထိုင်းရှပ်ဝါလှုပ်ရှားသူများ လေဆိပ်စုရုံးဆန္ဒပြမှုဖြင့် ရုံးတင်ခံရ

ထိုင်းရှပ်ဝါလှုပ်ရှားသူများ လေဆိပ်စုရုံးဆန္ဒပြမှုဖြင့် ရုံးတင်ခံရ

၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ လေဆိပ် များတွင် ဧည့်သည်ခရီးသည် ထောင် ပေါင်းများစွာ
သောင်တင်နေစေခဲ့သော လေဆိပ်ကို ဆန္ဒပြသိမ်းပိုက်ထားမှုတွင် အဓိကခေါင်းဆောင် ပါ၀င်ခဲ့ကြ
သော ထိုင်း ဘုရင့်သစ္စာခံ 'ရှပ်ဝါ'လှုပ်ရှားသူ ၁၀၀ ခန့်မှာ ဧပြီလ ၂၉ ရက်နေ့က ဘန်ကောက်
တရားရုံး၌ တရားရင်ဆိုင် ခဲ့ကြရသည်။

လွန်ခဲ့သောငါးနှစ်က ဖြုတ်ချခံ ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ထောက်ခံသူများကို ဆန့်ကျင်
ဆန္ဒပြသူ ဒီမိုကရေစီပြည်သူ့မဟာမိတ်ပါတီ (PAD) ရှပ်ဝါအဖွဲ့ဝင် ၁၀၀ နီးပါး တရားရုံးတွင်
တရားရင်ဆိုင်ခဲ့ကြသည်။

စွဲချက်အမျိုးမျိုးဖြင့် စွဲချက်တင် ခံရသော ရှပ်ဝါအားလုံးက မိမိတို့တွင် အပြစ်မရှိကြောင်း လျှောက်
လဲ ကြမည်ဟု ရှေ့နေ ပေါင်တစ်ဘွန်ဆာနွန်က ပြောသည်။ လေဆိပ်နှစ်ခုကို သိမ်းပိုက်ထားမှု၊
ပါလီမန်ကိုပိတ်ဆို့မှု၊ အစိုးရအိမ်တော် ကို အဓမ္မဝင်ရောက်မှုများအပါအဝင် ၂၀၀၈ ခုနှစ် အစိုးရ
ဆန့်ကျင်ဆန္ဒပြမှု စွဲချက်အမျိုးမျိုး ရင်ဆိုင်နေရသူ စုစုပေါင်း ၁၁၄ ဦးရှိသည်။

မီဒီယာသူဌေး ဆုံဒီလင်သုံကူးလ် အပါအဝင် အဓိက ရှပ်ဝါများမှာ လေဆိပ်သိမ်းပိုက်ရာတွင်
အကြမ်းဖက် မှုစွဲချက်များဖြင့် တရားစွဲခံနေရသည်။ ထိုင်းနိုင်ငံရေးတွင် ခါးခါးသီးသီး နှစ်ခြမ်းကွဲ
နေသော ရှပ်နီနှင့် ရှပ်ဝါ နယ်စုနှစ်ခုတို့ ဆန္ဒပြလှုပ်ရှားရာ ဘန်ကောက်မြို့တော် လမ်းမကြီးများ
ပေါ်တွင် ရှပ်ဝါတို့ နောက်ဆုံးအင်အား ပြခဲ့သော နေရာဖြစ်သည်။

ထိုအချိန်က ရှပ်ဝါတို့သည် ဘန်ကောက်မြို့၏ အထက်တန်းစားများနှင့် စစ်တပ်၏ ထောက်ခံမှု
ရရှိခဲ့သည်ဟု ဆိုသည်။ အမျိုးသားရေးဝါဒီ ရှပ်ဝါများအား ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ် ရာ
တွင် အလွန်နှေးကွေးနေသဖြင့် ၀န်ကြီးချုပ် သက်တင်၏ မဟာမိတ် ရှပ်နီများက မကျေမနပ်ဖြစ်ပြီး
မမျှမတ လုပ်ဆောင်မှုများဖြစ်သည်ဟု စွပ်စွဲ ကြသည်။

၂၀၁၀ ပြည့်နှစ်က ဘန်ကောက်မြို့လယ်တွင် ရှပ်နီများ ဆန္ဒပြခဲ့ကြရာ စစ်တပ်က သွေးထွက်
သံယိုဖြစ်အောင် နှိမ်နင်းခဲ့ပြီးမှ ပြီးဆုံး သွားခဲ့သည်။ ကျေးလက်လူထုနှင့် အခြေခံ အလုပ်သမား
လူတန်းစားများ အဓိကပါ၀င်သော ရှပ်နီခေါင်းဆောင် အများအပြားမှာ အကြမ်းဖက်မှုစွဲချက် ဖြင့်
ဖမ်းဆီးအရေးယူခံခဲ့ကြရသည်။

အရောင်ဖြင့်ခွဲထားသော ထိုင်းနိုင်ငံ ရေးတွင် ရှပ်ဝါများ ထည့်တွက်ရမည့် အင်အားကြီးတစ်ခုအဖြစ်
ရှိနေဆဲ ဖြစ်ရာ ငါးနှစ်မပြည့်သောအချိန်ကာလ အတွင်း အစိုးရ ခုနစ်ဆက်ကို ဖြုတ်ချ နိုင်ခဲ့ကြ
သည်။

၂၀၀၆ ခုနှစ်တွင် စစ်တပ်က ၀န်ကြီးချုပ်သက်ဆင်ကို ဖြုတ်ချရ လောက်အောင် လမ်းပေါ်တွင်
ဆူပူမှုများဖြစ်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် တွင် အစိုးရအဖွဲ့တွင်းရှိ သက်ဆင်၏ မဟာမိတ်များကို
ရှပ်ဝါများက ဖိအား ပေးခဲ့ကြသည်။ ထိုနှစ် နိုဝင်ဘာလ ကုန်ပိုင်းတွင် ဘန်ကောက်မြို့ မြောက်
ဘက်ရှိ ဒွန်မောင်းလေဆိပ်ကို ပိတ်ဆို့ခဲ့ကြပြီးနောက် ပိုမိုကြီးမားသော သုဝဏ္ဏဘူမိလေဆိပ်ကြီး
ကို တစ်ပတ် ကြာသိမ်းပိုက်ထားခဲ့ကြသည်။

ရှပ်ဝါအဖွဲ့လှုပ်ရှားမှု ပူးတွဲတည်ထောင် သူ ချမ်မလောင်း ရှရီမူအမ် ရုံးတော်သို့ရောက်လာစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ထိုင်းဖွဲ့စည်းပုံ တရားရုံးက ထိုစဉ်က ၀န်ကြီးချုပ် ဆွမ်ချိုင်းဝမ်ဆာဝတ် (သက်ဆင်ယောက်ဖ) ကို
ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ရှပ်ဝါများက ထိုင်းနိုင်ငံလေဆိပ်နှစ်ခုကို ပိတ်ဆို့
ထားခြင်းမှ စွန့်လွှတ်ဖယ်ရှား ပေးလိုက်ကြသည်။

(အေအက်ဖ်ပီ)