အိန္ဒိယနှင့် တရုတ်တပ်များ အငြင်းပွား နယ်စပ်ဒေသမှ ပြိုင်တူပြန်လည်ဆုတ်ခွာ

အိန္ဒိယနှင့် တရုတ်တပ်များ အငြင်းပွား နယ်စပ်ဒေသမှ ပြိုင်တူပြန်လည်ဆုတ်ခွာ

နယူးဒေလီ - နှစ်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးကို ခြိမ်းခြောက်ခဲ့သော နယ်စပ်
အငြင်းပွားမှု ကို ညှိနှိုင်းခဲ့ပြီးနောက် ဟိမဝန္တာတောင် ကြောရှိ အငြင်းပွားနေသည့် ဒေသမှ
အိန္ဒိယနှင့် တရုတ်တပ်များ မေလ ၆ ရက်တွင် စတင်ဆုတ်ခွာနေကြပြီဟု အိန္ဒိယတာဝန်ရှိ
သူများက ဆိုသည်။

အိန္ဒိယပိုင်နက်ဟုဆိုသော ယင်း ဒေသအတွင်းသို့ တရုတ်စစ်သားများ နက်ရှိုင်းစွာ ၀င်ရောက်
စခန်းချပြီးနောက် သီတင်းပတ်သုံးပတ်ကျော်အကြာတွင် နှစ်ဖက်မှ အရာရှိကြီးများ ယင်းဒေသ
တွင် တွေ့ဆုံဆွေးနွေးခဲ့ရာမှ နှစ်ဖက် စလုံး ယင်းဒေသမှ ပြိုင်တူဆုတ်ခွာရန် သဘောတူခဲ့ကြခြင်း
ဖြစ်သည်။

"နှစ်ဖက် နယ်စပ်တပ်မှူးတွေ မေလ ၅ ရက်နေ့ည အစည်းအဝေးပြီးတော့ နှစ်ဖက်စလုံးဆုတ်ခွာ
ကြဖို့ သဘောတူ ခဲ့ကြတယ်။ ကျုပ်တို့တပ်တွေလည်း ဆုတ် မယ်၊ တရုတ်တပ်တွေလည်း ဆုတ်
ကြပါ လိမ့်မယ်"ဟု အိန္ဒိယစစ်တပ် ပြောခွင့်ရ သူတစ်ဦးက ဆိုသည်။ တပ်များ စတင်ဆုတ်ခွာနေ
ကြောင်း အိန္ဒိယအကြီးတန်းစစ်ဗိုလ် တစ်ဦး ပြော ကြားချက်ကို အိန္ဒိယ နိုင်ငံခြားရေးဌာန ကလည်း
အတည်ပြုလိုက်ပြီးနောက် လွှတ်တော်သို့ တင်ပြမည်ဟုဆိုသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆော်လမွန်ခူရှစ်က နယ်စပ်အစည်း အဝေး ဆုံးဖြတ်ချက် ထွက်မလာ
ပါက တရုတ်ခရီးစဉ်ကို ဖျက်ရန်ရှိကြောင်း ပြောပြီးမှ ယခုဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။
ယခု နယ်စပ်အငြင်းပွားမှုသည် တရုတ်ဝန်ကြီးချုပ်သစ် လီကီချန်၏ အိန္ဒိယခရီးစဉ်ကိုလည်း သို့လော
သို့လောဖြစ်စေခဲ့သည်။

နှစ်နိုင်ငံကြား နှစ်များစွာကြာအောင် ရရှိထားသည့် ဆက်ဆံရေးဖွံ့ဖြိုးမှု ပျက်စီးနေခြင်းကို ဖယ်
ရှားကြဖို့ အရေး ကြီးကြောင်း ခါရှစ်က ယခင်လတွင် ထုတ်ဖော်ပြောဆိုသကဲ့သို့ အိန္ဒိယ ၀န်ကြီး
ချုပ် မန်မိုဟန်ဆင်းကလည်း ပိုမို ပြင်းထန်လာသော တင်းမာမှုများကို ဖြေလျှော့ ရှင်းလင်းသင့်
ကြောင်း နှိုးဆော်တိုက်တွန်းခဲ့သည်။

အိန္ဒိယနှင့် တရုတ် အိမ်နီးချင်း နှစ်နိုင်ငံသည် ယခင်နှစ်များက ဆက်ဆံ ရေး ပိုမိုကောင်းမွန်ခဲ့ကြ
သော်လည်း ၁၉၆၂ ခုနှစ်၊ နယ်စပ်စစ်ပွဲမှ စွဲကျန်လာသည့် အပြန်အလှန် သင်္ကာ မကင်းသည့် စိတ်
ရင်းခံကြောင့် မကြာ ခဏတင်းမာမှုများ ရှိနေဆဲပင်ဖြစ်သည်။

(အေအက်ဖ်ပီ)