ပေကျင်း - ရေအိမ် ရေတွန်းပိုက်ကို ဆွဲချခံခဲ့ရပြီးနောက် ပါသွားခဲ့သော မွေးကင်းစ ကလေးငယ်ကို
တရုတ် လူမျိုးများနေထိုင်သည့် တိုက်ခန်းတွင်းရှိ မိလ္လာပိုက်အတွင်းမှ ကယ်တင် နိုင်ခဲ့ကြောင်း
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။
"ကံကောင်းစွာနဲ့ပဲ ကလေးက အသက်ရှင်နေတယ်။ ဒါပေမဲ့ သူ့ကိုစွန့်ပစ်ခဲ့တဲ့ လူသတ်မှုကျူးလွန်ဖို့
ကြိုးစားခဲ့သူကိုတော့ စုံစမ်းနေဆဲပါ"ဟု သတင်းများတရားဝင်ထုတ်ပြန်သည့် hangzhou.com.cn
၀က်ဘ်ဆိုက်ကို ကိုးကားပြီး အမည်မဖော်လိုသည့် ရဲအရာရှိ တစ်ဦး ကပြောသည်။
နိုင်ငံအရှေ့ပိုင်း ကျယ်ကျန့် ပြည်နယ် အတွင်းရှိ ကျင့်ဟွာဒေသမှ ဒေသခံများက ကျူးကျော်အိမ်ရာ
လေးထပ်အမြင့်ရှိ အိမ်သာအတွင်းမှ နှစ်ရက်သားအရွယ် ကလေးငိုသံကို ကြားရသောကြောင့်
မီးသတ်သမားများကို အကြောင်းကြားခဲ့ကြောင်း မေလ ၂၇ ရက်နေ့ သတင်းတွင်ဖော်ပြထားသည်။
ကလေးငယ်အား မိလ္လာပိုက်တွင်းမှ ဆွဲထုတ်၍ မရသောကြောင့် ကယ်ဆယ်ရေးသမားများက
ကလေးငယ်ရှိနေသည့် အချင်း ၁၀ စင်တီမီတာ (လေးလက်မ) ရှိ ပိုက်ကို လွှဖြင့်ဖြတ်ပြီး ဆေးရုံသို့
ခေါ်ဆောင်သွားခဲ့ကြသည်။
မီးသတ်သမားများနှင့် ဆရာဝန်များသည် ပလာယာများ၊ လွှများဖြင့် တစ်ပိုင်း စီတစ်ပိုင်းစီ ဖြတ်
တောက်ပြီး တစ်နာရီ နီးပါးအကြာတွင် အချင်းတန်းလန်းဖြစ် နေသည့်ကလေးငယ်ကို တွေ့ရှိရ
ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကလေးငယ်ကို တွေ့ရှိသည့်အချိန်မှ ဆွဲထုတ်သည့် အချိန်ထိ ကလေးငယ်သည် ပြွန်အတွင်း
နှစ်နာရီထက်မနည်း နေခဲ့ရကြောင်း ဖော်ပြထားသည်။
ပေါင်ချိန် ၂ ဒသမ ၃ (ငါးပေါင်)ရှိသည့် ကလေးငယ်၏ မျက်နှာနှင့် ခြေလက်များတွင် ပြတ်ရှရာ
အချို့ တွေ့ရပြီး နှလုံးခုန်နှုန်းမှာလည်း တစ်ချက် တစ်ချက်တွင် နှေးနေကြောင်း၊ ၎င်းကလေးငယ်ကို
လမစေ့ဘဲမွေးသော ကလေးငယ်များထားသည့် အနွေးခန်းတွင်ထားပြီးနောက် အခြေအနေကောင်း
မွန်လာကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ကလေးငယ်၏ မိဘများကို ရှာဖွေနေဆဲဟုဆိုသည်။
တရုတ်လူ မျိုးမိသားစုများသည် ရိုးရာ ဓလေ့ထုံးစံအရ သားယောကျ်ားလေးများကို ပိုမိုနှစ်သက်ကြ
သော်လည်း တစ်ခါတစ်ရံတွင် လူမှုရေးနှင့် စီးပွားရေး အခက်အခဲများကြောင့် အိမ်ထောင်ကျပြီး
နောက် မွေးလာသော ကလေးငယ်များမှာ စွန့်ပစ်ခံကြရသည်။
နိုင်ငံ၏ ကလေးတစ်ယောက်သာ မွေးရမည့် မူဝါဒသည် ကလေးတစ်ယောက်ထက်မက မွေးဖွား
သည့် စုံတွဲများအတွက် ဒုက္ခကောင်းကောင်း ရောက်နိုင်သည့်အခြေအနေဖြစ်သည်။
(အေအက်ဖ်ပီ)
















