ဧဝရက်တောင်ထိပ်ရောက် နိုင်ငံပေါင်းစုံမှ ထူးခြားသည့် တောင်တက်သမားများ

ဧဝရက်တောင်ထိပ်ရောက် နိုင်ငံပေါင်းစုံမှ ထူးခြားသည့် တောင်တက်သမားများ

ခတ္တမန္ဒူ - ယခု ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလကပင် နှလုံးခွဲစိတ်ကုခံခဲ့သော အသက် ၈၀ အရွယ် ဂျပန်
အမျိုးသားကြီး ယူချီရို မီအူရာသည် မေလ ၂၃ ရက်က ဧဝရက်တောင်ထိပ်ကို အောင်မြင်စွာတက်
ခဲ့၍ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်အရောက် တက်ခဲ့သူများစာရင်းတွင် အသက်အကြီးဆုံးသူ
ဖြစ်လာသည်။

မီအူရာနှင့်အတူ သူ၏ ဒုတိယသား ဂိုယူတာပါ၀င်သည့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ၊
(ဂရင်းနစ်စံတော်ချိန် ၀၃၁၅ နာရီ) တွင် တောင်ထိပ် သို့ရောက်ခဲ့ကြသည်။

ဧဝရက်တောင်ထိပ်ရောက် ယခင် အသက်အကြီးဆုံး စံချိန်ကို မီအူရာက လေးနှစ်အသာဖြင့် စံချိန်
တင်လိုက်ခြင်းဖြစ်သည်ဟု မီအူရာ က သူ့ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့သည်။

သို့သော် ယခင်က တောင်ထိပ်ရောက် အသက်အကြီးဆုံးသူအဖြစ် စံချိန်တင်ထားပြီး ယခုနှစ်
ဇွန်လ ၂၀ ရက်တွင် အသက် ၈၂ နှစ်ပြည့်တော့မည့် နီပေါ နိုင်ငံသား ဗဟာဒူးဆာချန်မှာ
တောင်ထိပ်သို့ တစ်ကျော့ပြန်တက်ရန် တောင်ပေါ်သို့ ပြန်လည် ရောက်ရှိနေသည်ဖြစ်ရာ မီအူရာ
လောလောဆယ်ရထားသော စံချိန်ကို ကြာမြင့်စွာ ထိန်းထားခွင့်မရဘဲ ဖြစ်သွားနိုင်သည်။

"ကျုပ်ကိုယ်ကျုပ် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူလို့ ခံစားနေရပါတယ်။ အရင်အခေါက်တွေက အခု
တစ်ခေါက်လောက် ပိုမမောခဲ့ဘူး။ ဒါပေမဲ့ အသက် ၈၀ မှာတောင် ကျွန်တော် ဆက်တက်နိုင်သေး
တာပဲ။ ဟိမဝန္တာတောင်စဉ်တန်းတွေကို ကျွန်တော့်အောက်ဘက်ဆီမှာ တွေ့နေရတယ်လေ။
သိပ်ကိုလှတယ်ဗျ။ ကျွန်တော် ဒီဒေသကို ရောက်နေလို့ ခွန်အားတွေပြည့်ပြီးရင်း ပြည့်နေပါတယ်"
ဟု မီအူရာက တိုကျိုမြို့ရှိ သူ့ အလုပ်ဌာနဆီသို့ ဂြိုဟ်တုတယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောပြသည်။

ဇနီးဖြစ်သူ တိုမိုကို (၈၀ နှစ်) က "ရှင်အိမ်ကို အမြန်ပြန်လာပါတော့" ဟု မီအူရာကို ဖုန်းဖြင့်ပြန်ခေါ်
သည်။

သတင်းထောက်များ၏ အမေးတွေကိုလည်း တိုမိုကိုက "ကျွန်မ ပျော်နေတယ်လို့တော့ မဆိုနိုင်ဘူး။
စိတ်ကူးယဉ်လွန်းတဲ့ ခင်ပွန်းတစ်ယောက်နဲ့ မပေါင်းတောဘူးလို့လည်း မဆိုနိုင်ဘူး"ဟူ၍ သက်ကြီး
တောင်တက် ၀ါသနာအိုး ခင်ပွန်းသည်အတွက် ရင်ထဲမှ ဆန့်ကျင်ဘက်ခံစားချက်နှစ်ရပ်ကို လှစ်ဟ
ပြောပြသည်။

မီအူရာသမီး အမ်မီရာ (၅၂ နှစ်) ကမူ သူ့ဖခင် အသက် ၉၀၊ ၁၀၀ ပြည့်သည့်တိုင် တောင်ပေါ်တက်
နေဦးမည်ကို သူယုံကြည်သည်ဟု ဆိုသည်။

မီအူရာသည် တောင်ထိပ်သို့ရောက်သည့် မေလ ၂၃ ရက်နေ့မှာပင် တောင်အောက်စခန်းအမှတ်
(၄) သို့ ပြန်ဆင်းနေပြီဖြစ်ကြောင်း ဧဝရက်အခြေစိုက်စခန်းရှိ နီပေါခရီးသွားလုပ်ငန်းမှ နီပေါလူမျိုး
တာဝန်ရှိပုဂ္ဂိုလ် ဂျာနင်ဒရာ ရှရက်စ်သာက အေအက်ဖ်ပီသတင်း ဌာနသို့ ပြောသည်။

မီအူရာ၏ အောင်မြင်မှုကို ဂျပန် ညနေသတင်းစာများက ရှေ့မျက်နှာဖုံးမှ ကြီးမားသော ခေါင်းစီးများ
ဖြင့် ဖော်ပြပေးကြပြီး ရုပ်သံသတင်းများကလည်း အကျယ်တဝင့် ဖော်ပြကြသည်။

မီအူရာ၏ ယခုအောင်မြင်မှုသည် ဧဝရက်၏ ၈,၈၄၈ မီတာ (၂၉,၀၂၈ ပေ) တောင်ထိပ်ကို တတိယ
အကြိမ်မြောက်အရောက် တက်နိုင်ခြင်းဖြစ်သည်။

ယခင်က ၂၀၀၃ ခုနှစ်၊ အသက် ရ၀ အရွယ်နှင့် ၂၀၀၈ ခုနှစ် ၊ ရ၅ နှစ် အရွယ်တွင် အောင်မြင်စွာ
တက်ရောက်ခဲ့ဖူးရာ ၂၀၀၈ ခုနှစ်တွင် အသက်အကြီးဆုံး ဧဝရက်တောင်ထိပ်အရောက် တက်နိုင်သူ
အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

မီအူရာ၏ ၂၀၀၃ ခုနှစ်စံချိန်ကို ၂၀၀၇ ခုနှစ်တွင် ဂျပန်တောင်တက်သမား ကပ်ဆူဆူကီ ယာနာဂီ
ဆာဝ (၇၁ နှစ်) က ချိုးခဲ့ပြန်သည်။

မီအူရာသည် ၂၀၀၈ ခုနှစ်၊ မေလတွင် တောင်ထိပ်သို့ ဒုတိယအကြိမ် အရောက်တက်နိုင်ခဲ့ပြန်သော်
လည်း ရှာချန်း(၇၆ နှစ်) ဆိုသူက သူ့ထက် တစ်နေ့စော၍ တောင်ထိပ်သို့ ရောက်နှင့်နေ၍ စံချိန် နှင့်
လွဲခဲ့ရပြန်သည်။

၁၉၇၀ ပြည့်နှစ်တွင် မီအူရာက ဧဝရက်တောင်မှ နှင်းလျှောစီး၍ ပထမဆုံး အောင်မြင်စွာ ဆင်းသက်
လာနိုင်ချိန်မှစ၍ ၎င်းအား ကမ္ဘာက ပို၍သိလာပြန်သည်။

၎င်း၏ လေထီးအကူအညီဖြင့် စွန့်စားခဲ့သည့် ယင်းစွမ်းဆောင်မှုကို ၁၉၇၅ ခုနှစ်တွင် The Man
Who Skied Down Everest ဇာတ်ကားဖြင့် မှတ်တမ်းတင်နိုင်ခဲ့သည့်အပြင် အကောင်းဆုံး
မှတ်တမ်းရုပ်ရှင်အဖြစ်လည်း အကယ်ဒမီဆုရရှိခဲ့သည်။

ဘမျိုးဘိုးတူသား ပီသပေစွ။ သူ့ဖခင် ကီဇိုသည်လည်း အသက် ၉၉ နှစ်အရွယ်က မောင့်ဘလန့်
တောင်မှ နှင်းလျှောစီး၍ ဆင်းခဲ့ဖူးသည်။


ခြေတစ်ဖက်နှင့် ဧဝရက်တောင်သို့ ပထမဆုံးအကြိမ်တက်ရောက်ခဲ့သည့်
အိန္ဒိယအမျိုးသမီး

ဧဝရက်တောင်ထိပ်ရောက် ခြေတုတပ် အရုနီမာဆင်ဟာ။ ဓာတ်ပုံ - အေအက်ဖ်ပီ

လွန်ခဲ့သည့်နှစ်နှစ်က ခုတ်မောင်းနေသည့် ရထားပေါ်မှ တွန်းချခံခဲ့ရပြီးနောက် ခြေထောက်တစ်ဖက်
ဆုံးရှုံးခဲ့ရသည့် အိန္ဒိယ အမျိုးသမီးတစ်ဦးသည် ခြေတစ်ဖက်ဖြင့် ဧဝရက်တောင်သို့ တက်ရောက်
သည့် ပထမဆုံး အမျိုးသမီးဖြစ်လာကြောင်း ခရီးသွားအဖွဲ့ ဦးဆောင်သူများက မေလ ၂၂ ရက်နေ့
တွင် ပြောကြားခဲ့သည်။

မြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်မှ အသက် ၂၆ နှစ်အရွယ်ရှိ အရူနီ မာရှင်ဟာသည် ဧဝရက်
တောင်ခြေစခန်းမှ တဖြည်းဖြည်းချင်း တက်လာပြီး မေလ၂၁ ရက်နေ့ နံနက်ခင်းပိုင်းတွင်တောင်ထိပ်
သို့ရောက်ရှိခဲ့သည်။

"မေလ ၂၀ ရက်နေ့ ညနေခင်း ၆ နာရီမှာ စခန်းရဲ့ အမြင့်တစ်နေရာက နေစထွက်တယ်။ ၂၁ ရက်နေ့
နံနက် ၁၀ နာရီ ၅၅ မိနစ်မှာ တောင်ထိပ်ရောက်တယ်"ဟု ခရီးသွားအဖွဲ့ကို တည်ထောင်ထားသော
အာရှခြေလျင်တောင်တက်ကုမ္ပဏီတည်ထောင်သူ အန်းတီ ရှာရင်းရှာပါက အေအက်ဖ်ပီကို
ပြောသည်။

တောင်ထိပ်သွားရာ လမ်းတစ်လျှောက် တောင်တက်သမားများ ဖြတ်သန်းသွားသော မီတာ ၈,၇၅၀
(၂၈,၇၀၇ ပေ)အမြင့်ရှိလမ်းဆုံသို့ ၎င်းတို့အဖွဲ့ ရောက်ချိန်အထိ ဖြည်းဖြည်းချင်း တက်နေသော
ယင်းအမျိုးသမီးအတွက် ရှင်ဟာ၏ လမ်းပြများက စိုးရိမ်နေခဲ့ကြသည်ဟု ရှာပါက ပြောသည်။

"အဲဒီနေရာကို ရောက်ရောက်ချင်း သူ့မှာ အားအင်တွေတိုးလာပြီး ယုံကြည်မှုရှိလာတယ်။ နောက်
တစ်ဆင့် ထပ်တက်တဲ့အချိန်မှာ ပိုမြန်လာတာတွေ့ရတယ်" ဟု ရှာပါကပြောသည်။

အမျိုးသားအဆင့် ဘော်လီဘောကစားသမားဟောင်း ရှင်ဟာသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်က
၎င်း၏ ပိုက်ဆံအိတ်ကို ခိုးရန်ကြိုးစားသူများကို ဖတ်ထားမှတ်ထားသမျှနှင့် ပြန်လည်ခုခံရာ သူခိုး
များက ရထားပေါ်မှ တွန်းချခဲ့ကြသည်။

ထို့နောက် ၎င်း၏လက်ဝဲဘက် ခြေထောက်အား ရထားကြိတ်ခံခဲ့ရပြီး အသက်အန္တရာယ် မထိခိုက်
စေရန် ဆရာဝန်များက ခြေထောက်ကို ဒူးအောက်မှ ဖြတ်တောက်ရန် ပြောဆိုခဲ့သည်။

"အဲဒီအချိန်တုန်းက လူတိုင်းက ကျွန်မအတွက် စိုးရိမ်ခဲ့ရတယ်။ အဲဒီနောက်မှာ လူတွေရဲ့ သနား
ကရုဏာသက်တဲ့ အကြည့်နဲ့ ဆက်ကြည့်တာကို မခံရဖို့ တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီး တွေးခဲ့
တယ်" ဟု ဧဝရက်တောင် မတက်မီ အိန္ဒိယရုပ်မြင်သံကြားမှာ ပြောပြခဲ့ပါတယ်။

ရှင်ဟာ၏ တောင်တက်ခရီးစဉ်ကို ထောက်ပံ့ပေးခဲ့သော Tata Steel Adventure Foundation
သည် ခရီးသွားအဖွဲ့အတွက် လေ့ကျင့်ရေးသင်တန်း နှင့်လမ်းပြခြင်းတို့ ကူညီနိုင်ရန် ၂၀၁၂ ခုနှစ်တွင်
ရှာပါ၏ အာရှခြေလျင် တောင်တက် ကုမ္ပဏီကို ၂၀၁၂ ခုနှစ်တွင် ဆက်သွယ်ခဲ့သည်။

ဧဝရက် တောင်ထိပ်ရောက် ဆော်ဒီနိုင်ငံသူ

ဧဝရက်တောင်ထိပ်ရောက် ဆော်ဒီ နိုင်ငံသူ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရာဟာမိုဟာရက် (၂၅ နှစ်) သည် ဧဝရက်တောင်ထိပ်သို့ ရောက်ရှိသည့် ပထမဦးဆုံး ဆော်ဒီ
အမျိုးသမီးနှင့် အသက်အငယ်ဆုံး အာရပ်အမျိုးသမီး ဖြစ်သည်။

ဧဝရက်တောင်တက်ခရီးတွင် ဆော်ဒီနိုင်ငံမှ မိုဟာရက်၊ ကာတာနိုင်ငံ မှ ရှိတ်မိုဟာမက် အယ်လ်
သာနီ၊ ပါလက်စတိုင်းလူမျိုး ရာအိဒ်ဇီဒန်းနှင့် အီရန်လူမျိုး မာဆွတ်မိုဟာမက်တို့ လေးဦး ပါရှိရာ
ကာတာနိုင်ငံသားနှင့် ပါလက်စတိုင်းလူမျိုးတို့သည်လည်း တောင်ထိပ်သို့ တက်ရောက်ရန် ပထမဦး
ဆုံး ကြိုးပမ်းနေသူများဖြစ်သည်။

၎င်းတို့ သည် နီပေါနိုင်ငံတွင် ပညာရေးစီမံကိန်းများအတွက် ဒေါ်လာတစ်သန်း (ပေါင် ၆၆၀,၀၀၀)
ကို ရန်ပုံငွေထည့်ဝင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

မစ္စမိုဟာ ရက်သည် မူလတွင် ဂျက်ဒါမှဖြစ်ပြီး လောလောဆယ် ဒူဘိုင်းတွင် အခြေစိုက်သည့်
တက္ကသိုလ်ဘွဲ့ရ တစ်ဦးဖြစ်သည်။

အမျိုးသမီးများ၏ အခွင့်အရေးများ အလွန်တင်းကျပ်သော ရှေးရိုးစွဲ မွတ်စလင်နိုင်ငံဖြစ်သည့်
ဆော်ဒီအာရေဗျမှလာပြီး ၎င်း၏ ရည်မှန်းချက် ကိုရရှိရန် ၎င်းသည် အတားအဆီးများစွာကို
ချိုးဖောက်ခဲ့ရကြောင်း လေ့လာရေးအဖွဲ့ က ပြောသည်။

ဟိမဝန္တာတောင်တက် ခရီး၏ စိန်ခေါ်မှုထက် မိမိအား တောင်တက်ခွင့်ပေးရန် မိုဟာရက်မိသားစု
ယုံကြည်လက်ခံလာအောင် ကြိုးပမ်းရသည်က ပိုမိုခက်ခဲကြောင်းနှင့် ယခုအခါ မိသားစုက၎င်းအား
အပြည့်အဝ ထောက်ခံကြကြောင်း ၎င်း၏ လေ့လာရေးဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားသည်။

(အေအက်ဖ်ပီ)