ဗီယက်နမ်ကွန်မြူနစ်အစိုးရကို ဝေဖန်ရေးသားသည့် ဘလော့ဂါတစ်ဦး ဖမ်းဆီးခံရ

ဗီယက်နမ်ကွန်မြူနစ်အစိုးရကို ဝေဖန်ရေးသားသည့် ဘလော့ဂါတစ်ဦး ဖမ်းဆီးခံရ

ဟနွိုင်း - ဗီယက်နမ်နိုင်ငံတွင် သဘောကွဲလွဲမှုနှင့် ပတ်သက်ပြီး ထိထိရောက် ရောက်နှိမ်နင်းရာ၌
ကွန်မြူနစ်အစိုးရကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးများကို အွန်လိုင်းတွင် ရေးတင်ခဲ့သော ထင်ရှား
သည့် ဗီယက်နမ် ဘလော့ဂါတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း မေလ ၂၇ ရက်နေ့က သတင်းများတွင်
ဖော်ပြခဲ့သည်။

အသက် ၄၉ နှစ်အရွယ်ရှိ ထရောင်ဒွီဟက်ကို ဒါနန်းမြို့ ကမ်းခြေရှိ ၎င်း၏နေအိမ်၌ မေလ ၂၆ ရက်
နေ့တွင် ဖမ်းဆီးခဲ့ခြင်ဖြစ်သည်။

၎င်းမှာ နိုင်ငံတော်၏ အကျိုးစီးပွားများနှင့် ပတ်သက်ပြီး ထိပါးချိုးဖောက်ရန်အတွက် ဒီမိုကရေစီ
လွတ်လပ်ခွင့်များကို အလွဲသုံးစားပြုမှုဖြင့် စွပ်စွဲခံထားရပြီး အမြင့်ဆုံးအနေဖြင့် ထောင်ဒဏ်ခုနစ်နှစ်
အထိ ကျခံရနိုင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ အစိုးရသတင်းစာတစ်စောင်မှ ၂၀၁၁ ခုနှစ်က နုတ်ထွက်ခဲ့သော Nhat မှာ
ထင်ရှားသည့် ဘလော့တစ်ခုဖြစ်သည့် "A Different Viewpoint"(မတူညီသည့် ရှုထောင့်တစ်ခု)
ကို ရေးသားခဲ့သည်။

Nhat ၏ရေးသားမှုများမှာ တရားဝင် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည့် ဗီယက်နမ်နိုင်ငံ၏
သတင်းများ နှင့်ပတ်သက်ပြီး တစ်နည်းတစ်ဖုံ ဝေဖန်ထားကာ ယင်းတို့ကြောင့် အွန်လိုင်းတွင်
အပူတပြင်း အခြေအတင်ဆွေးနွေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Tuoi Tre သတင်းစာက ဖော်ပြခဲ့သည်။

၎င်း ဖမ်းဆီးခံရသည့် အချိန်မှစ၍ အလွန်အမင်း အထိအခိုက်မခံနိုင်သော နိုင်ငံရေးအကြောင်းအရာ
များ မကြာခဏ ပါ၀င်သည့် ၎င်းဘလော့မှာလည်း အပိတ်ခံလိုက်ရသည်။

ဧပြီလနှောင်းပိုင်းက ၎င်းရေးသားခဲ့သောဘလော့တွင် 'ဗီယက်နမ်နိုင်ငံကို စီးပွားရေးနှင့် နိုင်ငံရေး
ဒုက္ခများမှကယ်တင်ရန် ပါတီ အထွေထွေအတွင်းရေးမှူးနှင့် ၀န်ကြီးချုပ်နေရာများကို အသစ်ခန့်အပ်
ရမည့်အချိန်ရောက်ပြီ' ပြောကြားလိုက်ပြီး ဗီယက်နမ် ထိပ်တန်းခေါင်း ဆောင်များကို ရာထူး
နုတ်ထွက်ရန် Nhat က တောင်းဆိုခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ရှေ့နေများ၊ ဘလော့ဂါများနှင့် တက်ကြွလှုပ်ရှားသူများမှာ မကြာခဏဆိုသလို
ထင်တိုင်းကြဲ ဖမ်းဆီးခံရခြင်း၊ အကျဉ်းချခံရခြင်းများရှိကြောင်း လူ့အခွင့်အရေးအုပ်စုများ၏
ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ၌ နိုင်ငံပိုင်သတင်းစာမှ သတင်းထောက် Nguyen Dac Kien သည် ပါတီ
ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့ပြီးနောက် အလုပ်ထုတ်ခံခဲ့ရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြဋ္ဌာန်းထား ခြင်းမရှိသော ပုဒ်မများကို သုံးကာ ယခုအချိန်အထိ တက်ကြွ
လှုပ်ရှားသူ အနည်းဆုံး ၃၈ ဦးကို နိုင်ငံတော် ဆန့်ကျင်မှုဖြင့် ပြစ်ဒဏ်စီရင်ခဲ့ကြောင်း လူ့အခွင့်အရေး
အုပ်စုများက ပြောသည်။

(အေအက်ဖ်ပီ)