"ပါတီအတွင်းမှာ ၀ိရောဓိဖြစ်နေတဲ့ပြသနာလည်းမရှိ၊ တကယ်လို့ ဒါမျိုးဖြစ် ပေါ်လာရင်လည်း
ဖြေရှင်းဖို့သဘောတရားရေးရာအရ ကြိုးပမ်းမှုလည်းမရှိဘူးဆိုရင် ပါတီဟာ ဇီဝိန်ချုပ် အဆုံးသတ်
သွားဖို့ပဲရှိတော့တယ်" လို့ ခေါင်းဆောင်ကြီး မော်စီတုန်းက သူ့ရဲ့ ဩဇာကြီးလှတဲ့ ၁၉၃၇ ခုနှစ်၊
စာတမ်းတစ်ခုမှာ ရေးသားခဲ့တယ်။
ဒီကနေ့အချိန်မှာတော့ မော်စီတုန်းတည်ထောင်ခဲ့တဲ့ ကွန်မြူနစ်ပါတီဟာ အခုအချိန်အထိ တရုတ်
နိုင်ငံကြီးကို အုပ်ချုပ်နေဆဲဖြစ်သလို အတိုက်အခံ ၀ိရောဓိ ဖြစ်မှုတွေကသာ တကယ့်ကို ရေရှည်
တည်တံ့စေတဲ့ အကြောင်းရင်းတွေ ဖြစ်မယ်ဆိုရင် ကွန်မြူနစ်ပါတီ အုပ်ချုပ်ရေးယန္တရားကြီးရဲ့
နိဂုံးဟာ အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။ စီးပွားရေးမျက်နှာစာမှာ အတိုက်အခံ ဖြစ်မှုတွေ
ကို ဖြေရှင်းလို့ ရကောင်းရနိုင်ပါတယ်။
ဒါပေမဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးကို မကြာသေးခင်က ဖမ်းဆီးထိန်းသိမ်းခဲ့မှုကတော့ နည်းပညာ
နဲ့လူထုရဲ့ပြောင်းလဲနေတဲ့ မျှော်လင့်ချက်တွေကြောင့် ပါတီအတွက်ကြီးမားတဲ့ အရှုပ်အထွေးဖြစ်လာ
နိုင်ခြေနဲ့အတူ နိုင်ငံရေး ၀ိရောဓိတွေ ကိုဖြေရှင်းဖို့ ပိုလို့တောင် ခက်ခဲသွားစေ နိုင်တာကို ထောက်ပြ
နေပါတယ်။
နိုင်ငံတော်သတင်းဌာန ရှင်ဟွာသတင်းမှာ မေလ ၁၂ ရက်နေ့က အရာရှိတစ်ဦး ဖြစ်သူ လျူထျန့်နန်
ကို 'ဆိုးရွားစွာစည်းကမ်းချိုးဖောက်မှု သံသယရှိသူ' လို့ အကျင့်ပျက်ခြစားမှုအတွက် ထုံးစံအတိုင်း
လှလှပပ သုံးနှုန်းပြီး စုံစမ်းမေးမြန်းခံနေရကြောင်း ထုတ်ပြန်ဖော်ပြသွားခဲ့တယ်။
မစ္စတာလျူဟာ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ရဲ့ ဒုတိယဥက္ကဋ္ဌပါ။
NDRC ဆိုတာ နိုင်ငံရဲ့ စီမံရေးရာအဖွဲ့အစည်းဖြစ်ပြီး အာဏာအရှိဆုံး အဖွဲ့တွေထဲကတစ်ခုပါ။
အကျင့်ပျက်ခြစားမှုတွေ မထိန်းချုပ်နိုင်မှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ
ရဲ့ သမ္မတသစ်၊ ပါတီခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ ၀န်ကြီးချုပ် လီခယ့်ချန်တို့ နှစ်ဦးစလုံးက ထပ်တလဲ
လဲကို ပြင်းပြင်းထန်ထန် ပြောဆိုထားပါတယ်။
ဒါပေမယ့် မစ္စတာလျူ ဖယ်ရှားခံရတဲ့ အနေအထားတွေက တရုတ်နိုင်ငံအတွက် ပါတီအုပ်ချုပ်ရေး
မှာ တစ်ဦးကိုတစ်ဦး လွတ်လွတ်လပ်လပ် ထိန်းညှိမှုတွေများလာတာကို ချုပ်ချယ် ကန့်သတ်လာတဲ့
အချိန်မှာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပြနေပါတယ်။
မစ္စတာလျူရဲ့ အမှားတွေကို အာဏာပိုင်အရာရှိတွေက ဘာမှထုတ်ဖော်ပြောဆိုတာတွေမလုပ်ပေ
မယ့် လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ အကျအန ရေးတတ်တဲ့ သတင်းထောက်တစ်ဦး က
မစ္စတာလျူဟာ ဘဏ်မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ ပညာတတ်အယောင် ဆောင်မှုတွေနဲ့
အမြှောင် မယားဟောင်းတစ်ဦးကို အသက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့တယ်။
အဲဒီလိုရေးသားခဲ့တဲ့ လျိုချန်ဖင်းဟာ ထင်ရှားတဲ့ စီးပွားရေးမဂ္ဂဇင်း စာစောင်တစ်ခုဖြစ်တဲ့ ချိုက်ကျင့်
စာစောင်ရဲ့ ဒုတိယစာတည်းတစ်ယောက်ပါ။
မစ္စတာလျူ ့အပေါ် စွပ်စွဲမှုတွေကိုတော့ လျိုချန်ဖင်းက တရုတ်နိုင်ငံရဲ့ လူကြိုက်များတဲ့ Sina Weibo
လူမှုရေးကွန်ရက် ၀က်ဘ်ဆိုက် စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်။
ဒါနဲ့ပတ်သက်ပြီး အစိုးရသတင်း တွေက မစ္စတာလျူ့ကို ကာကွယ်ပြောဆို ခြင်းမပြုခဲ့ဘဲ ရေးသားသူ
လျိုချန်ဖင်းကိုပဲ ပြည်သူ့သတင်းစာသမားလို့ ကင်ပွန်းတပ်ပြီး ဂုဏ်ပြုခဲ့တယ်။
နိုင်ငံတော်ပိုင် တရုတ်ပြည်သူ့နေ့စဉ် သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ မစ္စတာလျူဟာ
အင်တာနက်ပေါ်က စွပ်စွဲပြောဆိုမှု ကြောင့် စုံစမ်းစစ်ဆေးခြင်းခံရတဲ့ ၀န်ကြီးအဆင့်ရှိတဲ့ ပထမဆုံး
သော အရာရှိတစ်ဦးလို့ ရေးသားဖော်ပြခဲ့တယ်။
မကြာသေးခင်က အလားတူ ဖြစ်စဉ်တစ်ခုမှာလည်း ချုံချင့်မြို့က အငယ်တန်း အရာရှိတစ်ဦးဖြစ်သူ
လေကျဲန်းဖုဟာ သူ့ရဲ့ လိင်ပျော်ပါးနေတဲ့ ဗီဒီယိုတစ်ခု အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် ရာထူး
ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီး အကျင့်ပျက်မှုနဲ့ တရားစွဲခံရပါတယ်။
နိုင်ငံတော်ပိုင် ဂလိုဘယ်တိုင်းမ် ကလည်း မစ္စတာလျူ ဖမ်းဆီးခံရတာကို Weibo ရဲ့ အောင်မြင်မှုလို့
ခေါ်ဝေါ်ခဲ့ပြီး အစိုးရအရာရှိတွေ အပါအဝင် တရုတ်လူ့အဖွဲ့အစည်းဟာ 'အွန်လိုင်း လှုပ်ရှားမှုရဲ့ အပြု
သဘောဆောင်တဲ့ ဂယက်' ကို လက်ခံတယ်လို့ မေလ ၁၃ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်တွေဟာ မစ္စတာလျူ့ ကို ဖယ်ရှားခဲ့တာတောင် 'နိုင်ငံတော် တည်ငြိမ်ရေး
ထိန်းသိမ်းဖို့' အတွက်လိုအပ်မှုတွေကို ဖိဖိစီးစီးဆက်လုပ်နေကြတုန်းပါ။
'နိုင်ငံတော်တည်ငြိမ်ရေး ထိန်းသိမ်းဖို့'ဆိုတဲ့ လူကြိုက်များတဲ့ ဒီစကားရပ်မှာ နိုင်ငံရဲ့ မီဒီယာလောက၊
တရားစီရင်ရေးနဲ့ ပညာရေးအဖွဲ့အစည်း တွေကို ထိန်းချုပ်ဖို့စတဲ့ ကျယ်ပြန့်တဲ့ အတိုင်းအတာတစ်ခု
ထိ ပါပါတယ်။
ဆင်ဆာဖြတ်တောက်မှုတွေဟာ အစိုးရရဲ့ ဖြစ်တည်မှုနဲ့ တရားရေးဆုံးဖြတ်ချက်တွေကို မေးခွန်း
ထုတ်တဲ့ သတင်းအချက်အလက်တွေကို ကန့်သတ်ချုပ်ချယ်ထားတယ်။
ရဲတပ်ဖွဲ့၊ ရှေ့နေတွေနဲ့ တရားရုံးတွေစတဲ့ ဥပဒေရေးရာစနစ်တစ်ခုလုံးဟာ ပါတီရဲ့ ထိန်းချုပ်မှုအတွင်း
မှာ ရှိနေတာပါ။
တက္ကသိုလ်ကြီးတွေကို စုံစမ်းစစ်ဆေးတာတွေ အားလုံးကို ပါတီက တားမြစ်ထားတယ်။
မေလ ၁၀ ရက်နေ့ထုတ် South China Morning Post ဟောင်ကောင် သတင်းစာတစ်ခုမှာ
တရုတ် တက္ကသိုလ်တွေ မဆွေးနွေးသင့်တဲ့ အကြောင်းအရာ ခုနစ်ခုကို ညွှန်ကြားချက်သစ်တစ်ခုနဲ့
ဖော်ပြထားတယ်။
အဲဒီအကြောင်းအရာ တွေထဲမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်တဲ့တရားစီရင်မှု၊ နိုင်ငံတကာ
တန်ဖိုး တွေနဲ့ လူ့အခွင့်အရေးတွေ ပါပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ သူ့အရာရှိ တွေကို 'အနောက်နိုင်ငံတွေမှာ ပြောဆို နေတဲ့ အမြင်တွေနဲ့
အယူအဆတွေ'ကို ဆန့်ကျင် ကာကွယ်ထားဖို့ ညွှန်ကြားချက်တစ်ရပ်မှာ သတိပေးထားတယ်။
တရုတ်မြို့ကြီးတချို့ဟာ နိုင်ငံတော်ပါတီ ခေါင်းဆောင်ကြီးတွေ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်
တွေကို ဆွေးနွေးဖို့ အစည်းအဝေးတွေ ကျင်းပကြပါတယ်။
မီဒီယာတွေရဲ့ ကြပ်မတ် ထိန်းကွပ်လာတာကို အစိုးရက သိသိသာသာကြီး ခွင့်ပြုနေတယ်။
ဒါပေမယ့် လေ့လာသုံးသပ်သူတွေ စိုးရိမ်ကြတာက သမ္မတ ရှီဟာ ကြီးကြီးမားမား နိုင်ငံရေးပြုပြင်
ပြောင်းလဲမှုအစီအစဉ်မရှိပေမယ့် သူ့ရဲ့အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးမှာ လူထုကိုဘဝင်ကျစေဖို့
မစ္စတာလျူဟာ စတေးခံရသူ တစ်ယောက်လားဆိုတာပါ။
ပိုမိုသန့်ရှင်းတဲ့ အစိုးရတစ်ရပ်အတွက် လူကြိုက်များတဲ့လိုလားမှုတွေကို ပါတီတွင်း ကန့်သတ်
ထိန်းသိမ်းမှုတွေလုပ်ရင်း သမ္မတရှီက ဖြည့်ဆည်းပေးနိုင်မလားဆိုတာဟာ သူ့ရဲ့အာဏာ
ထွန်းတောက်တဲ့ ကာလကို သတ်မှတ်ပေးတဲ့ ၀ိရောဓိတစ်ခု ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
(The Economist)

















