ဆိုးလ် - ပြိုင်ဘက် တောင်ကိုရီးယားနိုင်ငံက ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲ
များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေသည့်နည်းတူ မြောက်ကိုရီးယားခေါင်းဆောင်
ကင်ဂျံုအန်းက ကမ္ဘာ့အဆင့်မီ နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုတည်ဆောက်နေမှုကို ကြည့်ရှု
စစ်ဆေးနေသည်ကို နိုင်ငံပိုင်သတင်းများတွင် ဖော်ပြခဲ့သည်။
ကင်က မြောက်ကိုရီးယား နိုင်ငံ အရှေ့မြောက်ဘက် မာဆစ်တောင်ကုန်း ပေါ်ရှိ ဆောက်လုပ်ရေး
လုပ်ငန်းခွင်အား မေလ ၂၇ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းတွင်စတင်အသုံးပြု နိုင်မည့် အဆိုပါ အပန်းဖြေစခန်းတွင် ၁၁၀ ကီလိုမီတာ
(၇၀ မိုင်) ရှိလျှောလမ်း အမြင့်စုံ၊ ဟိုတယ်တစ်လုံး၊ ရဟတ်ယာဉ်ကွင်းနှင့် ခရီးသည်များကို
တောင်ပေါ် တောင်အောက် သယ်ဆောင်သည့် သံကြိုးဆွဲယာဉ်များလည်း ပါ၀င်သည်။
ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်၌ အာဏာရကိုရီးယား အလုပ်သမားပါတီက ကမ္ဘာ့အဆင့်မီ
နှင်းလျှောစီး အပန်းဖြေစခန်းအဖြစ် တည်ဆောက်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားကြောင်း ပြောကြား
ခဲ့ပြီး လာမည့် ဆောင်းရာသီအမီ အပြီးတည်ဆောက်ရန် အလုပ်သမားများကို ကင်က တိုက်တွန်း
ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ပြံုချန်းအပန်း ဖြေစခန်းတွင် ၂၀၁၈ ခုနှစ်ဆောင်းရာသီ အိုလံပစ်ပွဲ လက်ခံ
ကျင်းပမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှာ အသင်းအဖွဲ့ တစ်ခု
အဖြစ်ပေါင်းစည်းရန် ကြိုးစားနိုင်သည်ဟု ခန့်မှန်းပြောကြားနေကြသည်။
(အေအက်ဖ်ပီ)
















