ဆိုးလ် - တောင်ကိုရီးယားနိုင်ငံသည် ယင်း၏ နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခုကို မေလ ၂၈ ရက်
နေ့တွင် ပိတ်ပစ်လိုက်ကာ ဘေးကင်းလုံခြံုရေး အထောက်အထားအတုများ ပါ၀င်ပတ်သက်နေ
သည့် ပြဿနာရပ်တစ်ခုကို ကျယ်ပြန့်စွာ စုံစမ်းစစ်ဆေးသွားရေး၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့်
စတင်လည်ပတ်ရန် စီစဉ်ထားသည့် အခြားဓာတ်ပေါင်းဖို နှစ်ခုကိုလည်း ဆိုင်းငံ့ထားလိုက်သည်။
နျူကလီးယားစွမ်းအင် ဘေးကင်းရေးနှင့် လုံခြံုရေးကော်မရှင် (NSSC) က ဂိုရီနျူကလီးယားစက်ရုံရှိ
ဓာတ်ပေါင်းဖိုတစ်ခုနှင့် ဝေါ်လ်ဆွန်းစက်ရုံရှိ အခြားဓာတ်ပေါင်းဖို တစ်ခုတို့ကို အရည်အသွေး အာမခံ
အတုများဖြင့် ရယူထားသည့် စက်ပစ္စည်းအစိတ်အပိုင်းများ သုံးစွဲလျက်ရှိကြောင်း သိရှိခဲ့ရအပြီး
ပိတ်ပင်ရပ်ဆိုင်းလိုက်သည်ဟု ပြောဆိုခဲ့သည်။
ဂိုရီစက်ရုံ၌ ထိန်းသိမ်းပြုပြင်ထားသော အခြားဓာတ်ပေါင်းဖိုတစ်ခု ပြန်လည်လည်ပတ်မှု စတင်ရေး
နှင့် ဝေါ်လ်ဆွန်းရှိ ဓာတ်ပေါင်းဖို အသစ်တစ်ခုတို့ကို စီစဉ်ထားသည့်အတိုင်း စတင်လည်ပတ်ရေး
တို့ကိုလည်း လုံခြံုမှု မရှိသည့်အတွက် ရွှေ့ဆိုင်းလိုက်သည်ဟု ကော်မရှင်က ပြောသည်။
ဓာတ်ပေါင်း ဖိုလေးခုစလုံး၌ သုံးစွဲထားသည့် အစိတ်အပိုင်းများကို ပြန်လည်အစားထိုး လဲလှယ်သွား
မည်ဖြစ်ကြောင်း ကော်မရှင် ကဆိုသည်။
နောက်ဆုံး အခြေအနေအရ တောင်ကိုရီးယား၏ နျူကလီးယား ဓာတ်ပေါင်း ဖို ၂၃ ခုအနက် ၁၀ ခု
သည် အကြောင်းအမျိုးမျိုးကြောင့် လတ်တလောအချိန်၌ ရပ်ဆိုင်းထားရပြီး ယင်းဖြစ်ရပ်များ
ကြောင့် ယခုနှစ်နွေရာသီတွင် စွမ်းအင်မလုံလောက်မှု ဖြစ်နိုင်ခြေရှိသည်ဟူ သော စိုးရိမ်မှုများကို
ပိုမိုဖြစ်စေလျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံတွင် နျူကလီးယားစွမ်းအင်သည် နိုင်ငံ၏ လျှပ်စစ်စွမ်းအားလိုအပ်ချက် ၃၅
ရာခိုင် နှုန်းကျော်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။
တောင်ကိုရီးယား၏ နျူကလီးယား ကဏ္ဍသည် ချွတ်ယွင်းမှုများနှင့် အကျင့်ပျက်ခြစားမှုများကြောင့်
ကာလကြာမြင့်စွာကပင် ပြဿနာမျိုးစုံနှင့် ကြံုတွေ့ခဲ့ရကာ ဂျပန်နိုင်ငံရှိ ၂၀၁၁ ခုနှစ်အတွင်း ဖူကူ
ရှီးမားနျူကလီးယားစက်ရုံ မတော်တဆဖြစ်ခဲ့ရမှုကြောင့် လူထုအတွက် နျူကလီးယား စက်ရုံများ
အပေါ်ယုံကြည်မှု နည်းပါးခဲ့မှုအပေါ် စိုးရိမ်စိတ် ပိုမိုကြီးမားစေခဲ့ရသည်။
တောင်ကိုရီးယား နျူကလီးယား ဓာတ်ပေါင်းဖိုများအတွက် အသုံးပြုရန် ရယူထားသည့် အစိတ်
အပိုင်း အားလုံးသည် တောင်ကိုရီးယား အစိုးရက ရွေးချယ် သတ်မှတ်ထားသည့် နိုင်ငံတကာ
အဖွဲ့အစည်း ၁၂ ခုထံမှ အရည်အသွေး နှင့်ဘေးအန္တရာယ် ကင်းရှင်းမှု ထောက်ခံချက်များရယူရန်
လိုအပ်သည်။
ယမန်နှစ်က ဓာတ်ပေါင်းဖိုအတွက် လိုအပ်သော ပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီရှစ်ခုသည်
ဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက် အတုများစွာဖြင့် ပစ္စည်းများ တင်သွင်းခဲ့သည်ကို
တွေ့ရှိခဲ့ရကြောင်း အစိုးရအရာရှိများက ပြောသည်။
အဆိုပါပစ္စည်းများသည် လူထုအတွက် အန္တရာယ်ဖြစ်စေလောက်သော အခြေအနေမရှိသည့်တိုင်
နိုင်ငံတစ်ဝန်းလုံးရှိ နျူကလီးယားဓာတ်ပေါင်းဖို အားလုံးကို စစ်ဆေးသွားရန်နှင့် ထောက်ခံချက်အတု
များဖြင့် ရောက်ရှိလာသည့် အစိတ်အပိုင်းအားလုံးကို အစားထိုးသွားရန် အာဏာပိုင်များကအမိန့်
ပေးထားသည်။
ယခုလေစောစောပိုင်းကလည်း နျူကလီးယား စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာနှင့် ပစ္စည်းတင်သွင်းသူ
ခြောက်ဦး တို့ကိုထောက်ခံချက်အတု အရှုပ်အထွေး၌ ပါ၀င်ပတ်သက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့
သည်။
ယမန်နှစ်မေလက နိုင်ငံတော်ပိုင် ကိုရီးယား ဟိုက်ဒရိုနျူကလီးယားပါ၀ါကုမ္ပဏီ၏ အဆင့်မြင့်အရာရှိ
ငါးဦးကို နိုင်ငံ၏ အဟောင်းနွမ်းဆုံးသော ဂိုရီ - ၁ နျူကလီးယား ဓာတ်ပေါင်းဖိုရှိ အန္တရာယ်ဖြစ်စေ
လောက်သည့် စွမ်းအင် ပြဿနာများကို ဖုံးကွယ်ခဲ့သည့်အတွက် တရားစွဲဆိုခဲ့သည်။
(အေအက်ဖ်ပီ)

















