အိန္ဒိယတွင် မုတ်သုံမိုး ရွာသွန်းလာ၍ လယ်သမားများ အားတက်လာ

အိန္ဒိယတွင် မုတ်သုံမိုး ရွာသွန်းလာ၍ လယ်သမားများ အားတက်လာ

နယူးဒေလီ - အိန္ဒိယနိုင်ငံ၏ အစားအစာ ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါလှသော
မုတ်သုံ မိုးသည် အနောက်တောင် ကမ်းခြေကို ဇွန်လ ၁ ရက်နေ့၌ ၀င်ရောက်ခဲ့ရာ တောင်သူ
လယ်သများများကို အားတက်စေပြီး ရုန်းကန်လှုပ်ရှားနေရသော စီးပွားရေးအတွက် မျှော်လင့်ချက်
ကို မြှင့်တင်စေခဲ့သည်။

အထူးတလည် စောင့်မျှော်လျက်ရှိ သော မိုးသည် 'ကေရာလာ'ပြည်နယ်နှင့် အနီးအနားရှိ တမီးလ်နာဒူး တစ်စိတ် တစ်ပိုင်းတွင် ပြင်းထန်စွာ ရွာသွန်းသွား ပြီး အိန္ဒိယနိုင်ငံကို ယခုအခါ ဖြတ်သန်း ရွေ့လျားသွားမည်ဖြစ်ရာ ရာသီအလိုက် မိုးရွာသွန်းခြင်းအပေါ် မှီခိုသည့် သန်း ပေါင်းရာချီရှိ တောင်သူလယ်သမားများ အတွက် လာမည့်လများစွာ ဒလဟော ရွာသွန်းမှုကို ဖြစ်စေသည်။ 'အနောက်တောင်မုတ်သုံဟာ ကေရာ လာသို့ဝင်ရောက်ပြီ'ဟု မိုးလေဝသဌာန က ၎င်း၏ ၀က်ဘ်ဆိုက်၌ ကြေညာ ခဲ့သည်။ ဇွန်လမှ စက်တင်ဘာလအထိ တိုက်ငယ်သို့ ရိုက်ခတ်ခဲ့သော မိုးသည် ကမ္ဘာပေါ်တွင် ဆန်၊ သကြား၊ ဂျုံနှင့် ၀ါ အဓိကထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သောအိန္ဒိယအတွက် အသက်သွေး ကြောဟု ခေါ်ဆိုနိုင်သည်။ မိုးသည် ပုံမှန်အားဖြင့် ဇွန်လဆန်းတွင် အနောက်တောင်ကမ်းခြေသို့ ၀င် သည်။ သို့သော် ၂၀၀၉ ခုနှစ်က ကောက်ပဲ သီးနှံ အကြီးအကျယ် ပျက်စီးမှုဖြစ်စေ ခဲ့သော မိုးခေါင်မှုကို အိန္ဒိယလယ်သမား တို့ အမှတ်ရနေဆဲပင် ဖြစ်သည်။ ယခုနှစ်တွင် အိန္ဒိယနိုင်ငံက ပုံမှန်မိုး ရွာသွန်းမှုကို ရရှိမည်ဟု မိုးလေဝသ ဌာနက ခန့်မှန်းထားသည်။ ပိုမိုခိုင်မာသော သီးနှံထုတ်လုပ်မှု သေချာအောင်လုပ်ရန် ဆည်မြောင်း စနစ်နှင့် မိုးရေ ထိန်းသိမ်းရေးနည်းများ ကို တိုးတက်ကောင်းမွန်အောင် လုပ်ပေး ရန် အစိုးရကို နှိုးဆော်ခဲ့သော်လည်း ၂၃၅ သန်းရှိ လယ်သမားများသည် နိုင်ငံ၏ လယ်ယာမြေ ၆၀ ရာခိုင်နှုန်း ခန့် ရေရရှိရန် စိတ်မချရသော မိုးကို အားကိုးနေတုန်းပင် ဖြစ်သည်။ နှစ်ပေါင်း ၄၀ ကျော် ဆိုးရွားသော မိုးခေါင်မှုနှင့် ချာချာလည်နေသည့် ကြံအများဆုံး ထုတ်လုပ်သည့် မဟာ ရာရတ်ရှ်ထရာပြည်နယ်၏ အလယ်ပိုင်း ဒေသများအတွက် ယခုနှစ်တွင် မိုး သည် အရေးပါသည်။ ယမန်နှစ် မိုးရာသီ၏ ပထမနှစ်လ၌ အိန္ဒိယနိုင်ငံတွင် ပုံမှန်ရွာသွန်းမှုထက် လျော့ခဲ့သည်။ နောက်ပိုင်းတွင် အချို့ နေရာများတွင် ပြန်ကောင်းလာပြီး အနောက်နှင့် တောင်ဘက်နေရာများ တွင် အကျိုးမရှိပေ။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် အိန္ဒိယ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှု၏ ၁၅ ရာခိုင်နှုန်းခန့်သာရှိသည်။ သို့သော် သန်းပေါင်းရာချီရှိ ကျေးလက်နေ အိန္ဒိယလူမျိုးများ၏ အသက်မွေးမှုသည် လယ်ယာကဏ္ဍအပေါ် မှီခိုနေကြသည်။ (အေအက်ဖ်ပီ)