ကမ္ဘာ့ နျူကလီးယား အင်အားကြီး သုံးနိုင်ငံဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများသည်
လွန်ခဲ့သည့် နှစ်အတွင်းက ယင်းတို့၏ နျူကလီးယား လက်နက်များကို တိုးမြှင့်ခဲ့ကြကြောင်း
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနသိပ္ပံအဖွဲ့ကြီး (SIPRI) က ဇွန်လ ၃ ရက်နေ့တွင်
ပြောသည်။
တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်က နျူကလီးယားထိပ်ဖူး ၂၄၀ ရှိခဲ့ရာမှ ယခုအခါ ၂၅၀ အထိလည်း
ကောင်း၊ ပါကစ္စတန်နိုင်ငံသည် နျူကလီးယားထိပ်ဖူး ၁၀ ခုမျှ တိုးမြှင့်ခဲ့သဖြင့် ယခုအခါ ၁၀၀ နှင့်
၁၂၀ အကြားအထိ ရှိလာခဲ့ကာ အိန္ဒိယနိုင်ငံသည်လည်း နျူထိပ်ဖူး ၁၀ ခုမျှပင် အကြမ်းအားဖြင့်
တိုးလာခဲ့သည့်အတွက် ယခုအခါ ၉၀ မှ ၁၁၀ အထိ ပိုင်ဆိုင်ထားကြောင်း SIPRI က ယင်း၏
နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ်မှစတင်၍ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ် နိုင်ငံ၊ တောင်-မြောက်
ကိုရီးယားနှစ်နိုင်ငံ နှင့် အခြားနိုင်ငံများအကြား ကြီးထွားလာနေသော တင်းမာမှုများကြောင့်
လက်နက်များ အပြိုင်အဆိုင် တပ်ဆင် ခြင်းသည် အာရှတိုက်တွင် 'ပျက်ပြား လွယ်သော
ငြိမ်းချမ်းရေး' ဟု အဆိုပါအဖွဲ့ကြီးက ခေါ်ဝေါ်သုံးနှုန်းလိုက်ကာ ပို၍ပင် ထိတ်လန့် စိုးရိမ်ဖွယ်ရာ
ကောင်းလာလျက်ရှိသည်ဟု SIPRI က ပြောသည်။
"နိုင်ငံတွေဟာ အချင်းချင်း တိုက်ရိုက် ပဋိပက္ခဖြစ်မှုတွေကို ရှောင်ရှားခဲ့ပြီး တစ်ဖက်နိုင်ငံရဲ့ ပိုင်နက်
အတွင်း သောင်းကျန်းသူတွေရဲ့ လှုပ်ရှားမှုတွေကို ထောက်ပံ့ကူညီနေတာတွေကိုလည်း ရပ်ဆိုင်း
လာခဲ့တာဖြစ်ပေမယ့် ဆယ်စု နှစ်ချီတဲ့ အချင်းချင်း သင်္ကာမကင်း ဖြစ်မှုတွေက ပျောက်မသွားဘဲ
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလည်း နိုင်ငံရေး ပူးပေါင်းမှုနဲ့အတူ ဖြစ်မလာတော့ပါဘူး" ဟု SIPRI
က ဆိုသည်။
ကမ္ဘာ့ အင်အားအကြီးဆုံး နိုင်ငံဟောင်းကြီးများဖြစ်ကြသည့် နိုင်ငံနှစ်နိုင်ငံသည်သာ ယင်းတို့၏
နျူကလီးယားထိပ်ဖူးများကို လျှော့ချခဲ့ကြသည်။
ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူး ၁၀,၀၀၀ မှ ၈,၅၀၀ အထိလည်းကောင်း၊ အမေရိကန်
ပြည်ထောင်စုသည် နျူကလီးယားထိပ်ဖူး ၈,၀၀၀ မှ ရ,၇၀၀ အထိလည်းကောင်း အသီးသီး
လျှော့ချခဲ့ကြသည်။
ပြင်သစ်နိုင်ငံသည် နျူကလီးယားထိပ်ဖူး ၃၀၀၊ ဗြိတိန်နိုင်ငံသည် နျူကလီးယားထိပ်ဖူး ၂၂၅ ခုနှင့်
အစ္စရေး နိုင်ငံသည် နျူကလီးယားထိပ်ဖူး ၈၀ တို့ကို မူရင်းပိုင်ဆိုင်သည့် အရေအတွက် အတိုင်းပင်
ဆက်လက်ထားရှိသည်။
တရုတ်နိုင်ငံသည် ယင်း၏ နျူကလီးယားပိုင်ဆိုင်မှုကို လုံးဝ ဖုံးကွယ်ထားသလိုပင် ရုရှားနိုင်ငံသည်
လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုမှု နည်းပါးလာသည့် သာဓကများကိုထောက်၍ နျူကလီးယား
အင်အားကြီး နိုင်ငံများသည် ယင်းတို့၏ ပိုင်ဆိုင်မှုများကို တန်းတူ ရည်တူ ပွင့်လင်းမြင်သာမှု
မရှိသဖြင့် ယခုကဲ့သို့ ကိန်းဂဏန်းများဖြင့် ဖော်ပြမှုသည် ခန့်မှန်းပြောဆိုမှုသာဖြစ်ကြောင်းလည်း
SIPRI က ၀န်ခံပြောဆိုခဲ့သည်။
(အေအက်ဖ်ပီ)

















