တရုတ်က နျူကလီးယား လက်နက် စတင်မသုံးရေး ကတိကို ဆက်လက်ထိန်းသိမ်း

တရုတ်က နျူကလီးယား လက်နက် စတင်မသုံးရေး ကတိကို ဆက်လက်ထိန်းသိမ်း

စင်ကာပူ - တရုတ်နိုင်ငံသည် ပဋိပက္ခတစ်ခုတွင် မိမိဘက်မှ နျူကလီးယားလက်နက်ကို စတင်
အသုံးပြုမည်မဟုတ်ကြောင်း ယင်း၏ ကတိစကားကို ဆက်လက်ထိန်းသိမ်းမည်ဟု တရုတ်
ထိပ်တန်း စစ်ဗိုလ်ချုပ်တစ်ဦးက ဇွန်လ ၂ ရက်နေ့တွင် ပြောသည်။

မကြာမီက ထုတ်ပြန်သော စစ်တပ်စက္ကူဖြူစာတမ်းတွင် နျူကလီးယားလက်နက်ကို ပထမဦးဆုံး
အသုံးမပြုပါဟူသော ကတိစကားကို ချန်လှပ်ထားကြောင်း စစ်ဘက်အသိုင်းအဝိုင်းတွင် ရိုက်ခတ်မှု
ကို ဖြစ်စေကာ တရုတ်သည် ၎င်း၏မူဝါဒကို စွန့်လွှတ်တော့ မည်လောဟူသော မှန်းဆချက်ကိုဖြစ်
ပေါ်စေခဲ့သည်။

"တရုတ်အစိုးရက နျူကလီးယား လက်နက်တွေကို ပထမဦးဆုံး စပြီး အသုံးမပြုဘူးဆိုတဲ့
ကျွန်တော်တို့ရဲ့ ကတိစကားကို ဘယ်တော့မှ ပယ်ဖျက်မှာမဟုတ်ဘူးဆိုတဲ့ လေးနက်တဲ့ကြေညာ
ချက်ကို ကျွန်တော်တို့ ထုတ်ပြန်လိုပါတယ်"ဟု ဒုတိယဗိုလ်ချုပ်ကြီး ကွီဂျီယန် ဂူအိုက စင်ကာပူ
တွင်ကျင်းပသော ရှန်ဂရီလာဒိုင်ယာလော့ လုံခြံုရေးဖိုရမ်၌ ပြောခဲ့သည်။

"ကျွန်တော်တို့ဟာ နှစ် ၅၀ လုံးလုံး ဒီဝါဒကို စွဲကိုင်လာခဲ့တာပါ။ ဒီ ပေါ်လစီဟာ တရုတ်ပြည်သူတွေ
သာမက ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး အကျိုးစီးပွားကို သက်သေထူခဲ့ပါတယ်" ဟု ၎င်းက
ဆက်ပြောသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးအရာရှိ ဒုတိယအကြီးအကဲ ကွီသည် ဇွန်လ
၂ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် နှစ်ရက်ကြာညီလာခံတွင် မိန့်ခွန်းပြောပြီးနောက် ယင်း ကတိစကားကို
အဘယ်ကြောင့် ချန်လှပ်သည်ဟူသော အကြောင်းကို မေးမြန်းခံရသည်။

ဧပြီလတွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းသည် အသေးစိတ်များ မပါ၀င်သဖြင့် နျူကလီးယား
ကတိစကားကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ခြင်း ဖြစ်သည်ဟု တရုတ်ဗိုလ်ချုပ်ကြီးက ရှင်းပြသည်။

သို့သော် ကွီက စက္ကူဖြူ စာတမ်းပါအပိုင်းသည် တရုတ်ပြည်၏ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ဖြစ်
သည့် ဒုတိယမြောက် အမြောက်တပ်၏ လုပ်ငန်းများကို ဖော်ပြကာ ပထမဦးဆုံးအကြိမ် အသုံးမပြု
ပါဟူသော ကတိစကားကို ရည်ညွှန်းခဲ့သည်ဟုပြောသည်။

"ကျွန်တော် ဒါကို နားလည်သဘောပေါက်အောင် ရှင်းပြလိုပါတယ်" ဟု ၎င်းကပြောသည်။

၁၉၆၄ ခုနှစ်တွင် ယင်း၏ ပထမဦးဆုံး နျူကလီးယားလက်နက်ကို စမ်းသပ်ပြီးနောက် တရုတ်နိုင်ငံ
သည် အဏုမြူလက်နက်များကို အသုံးပြုသည့် ပထမဦးဆုံးနိုင်ငံ မည်သည့်အခါမျှ မဖြစ်ပါဟု
ကတိပြုခဲ့သည်။

တရုတ်နိုင်ငံသည် ယင်းနိုင်ငံ၏ နျူကလီးယားလက်နက်များ အရွယ်ပမာဏကို ဖွင့်မပြောခဲ့ပေ။
သို့ရာတွင် စတော့ဟုမ်းမြို့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာနက ဖော်ပြရာတွင်
အင်အားတိုးတက် ကောင်းမွန်လာသော တရုတ်နိုင်ငံတွင် တိုက်ချင်းပစ်ဒုံးကျည်များဖြင့် ပစ်လွှတ်
နိုင်သည့် စစ်ဆင်ရေး နျူကလီးယား လက်နက်ပေါင်း ၂၀၀ ခန့်ရှိသည်ဟု ဆိုသည်။

(အေအက်ဖ်ပီ)