ကိုလံဘို - အကြမ်းဖက် တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ကာကွယ်ရေးနှင့်
ရေကြောင်းလုံခြံုရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန် သီရိလင်္ကာနိုင်ငံနှင့် ထိုင်းနိုင်ငံ
တို့က သဘောတူခဲ့ကြောင်း သမ္မတ မဟင်ဒါ ရာဂျာပက်ဆီ၏သမ္မတရုံးမှ ကြေညာခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် က သီရိလင်္ကာနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်တွင်
ကာကွယ်ရေးကို နှစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း အဆိုပါ သမ္မတရုံး
ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လုံခြံုရေးဆိုင်ရာ သတင်းအချက်အလက်များ မျှဝေရာတွင် နှစ်နိုင်ငံ ပို၍နီးကပ်စွာ ပူးပေါင်း
ဆောင်ရွက်ရမည်ဟု ကိုလံဘိုမြို့၌ ကျင်းပသော နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရာဂျာပက်ဆီ ပြောကြား
ခဲ့သည့် စကားကို ကိုးကားဖော်ပြခဲ့သည်။
ယင်းကြေညာချက်တွင် ခေါင်းဆောင် နှစ်ဦးက ကာကွယ်ရေးနှင့် ရေကြောင်း လုံခြံုရေးတွင် ပို၍
ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း ဖော်ပြထားသော်လည်း အသေးစိတ်အချက်များ
မပါရှိပေ။ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့သော အဓိက ထိုးစစ်ဆင် တိုက်ခိုက်မှု တစ်ခုတွင် တမီလ်ကျား
သူပုန်များကို ၎င်း၏ တပ်ဖွဲ့များက ချေမှုန်းခဲ့သော်လည်း ယင်းသူပုန်များကို ထောက်ခံသည့်သူများ
မှာ ပြည်ပမှနေ၍ ခွဲထွက်ရေး လုပ်ဆောင်မှုများကို ဆက်လက် ပြုလုပ်နေကြကြောင်းကို ရာဂျာ
ပက်ဆီ က ပြောကြားသည်။
သူပုန်များနှိမ်နင်းမှုနှင့် ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံက နိုင်ငံတကာ ပြင်းပြင်းထန်ထန် ပြစ်တင်မှုကို
ခံခဲ့ရ သော်လည်း ၂၀၀၉ ခုနှစ်၊ မေလတွင် ပြီးဆုံးခဲ့သော နောက်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်မှုတွင်
အရပ်သား ၄၀,၀၀၀ အထိ သေဆုံးခဲ့သည်ဟု စွပ်စွဲမှုများကိုမူ ငြင်းဆိုထားသည်။
ထိုင်းနိုင်ငံတွင်လည်း ထိုအတောအတွင်း အာဏာပိုင်များက ခွဲခြားဆက်ဆံသည်ဟု ပြစ်တင်ဝေဖန်
မှုများ ဖြစ်ပွားကာ မွတ်စလင်အများစုနေထိုင်သော ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လူပေါင်း ၅,၅၀၀
ကျော်သေဆုံးခဲ့ပြီ ဖြစ်သော ဆူပူမငြိမ်သက်မှုများနှင့် ရင်ဆိုင်နေရသည်မှာ ယခုအခါ ကိုးနှစ်ကြာ
သွားပြီ ဖြစ်သည်။
ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့သည် ဆက်သွယ်မှုခိုင်မာလှသော ဗုဒ္ဓဘာသာ ၀င်နိုင်ငံများဖြစ်ပြီး
ထေရဝါဒ ဗုဒ္ဓဘာသာကို လူများစုက လိုက်နာကျင့်သုံးသည့် နိုင်ငံနှစ်နိုင်ငံလည်းဖြစ်သည်။
၀န်ကြီးချုပ် ရှင်နာဝပ်ထရာသည် သီရိလင်္ကာဘုန်းတော်ကြီးများ ၁၇၅၃ ခုနှစ်က ထိုင်းနိုင်ငံမှ
အဆင့်မြင့် ဘွဲ့တော်များရယူခဲ့သည့် နှစ် ၂၆၀ ပြည့်အခမ်းအနားသို့လည်း တက်ရောက်ပြီး
သီရိလင်္ကာပါလီမန်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ယင်လပ်ရှင်နာဝပ်၏အစ်ကို ၀န်ကြီးချုပ် သက်ဆင် သီရိလင်္ကာနိုင်ငံသို့
လာရောက်စဉ်ကလည်း အလားတူပင် ဂုဏ်ပြုကြိုဆိုခဲ့သည်။
(အေအက်ဖ်ပီ)

















