တရုတ် ၀န်ကြီးဟောင်း အဂတိလိုက်စားမှု

တရုတ် ၀န်ကြီးဟောင်း အဂတိလိုက်စားမှု

ပေကျင်း - တရုတ်နိုင်ငံ၏ မီးရထား ၀န်ကြီးဟောင်းတစ်ဦးသည် အမေရိကန် ဒေါ်လာ သန်းနှင့်ချီပြီး
လာဘ်စားမှုဖြင့် ဇွန်လ ၉ရက်နေ့တွင်တရားရုံး၌ တရားစွဲဆိုခံခဲ့ရကြောင်း နိုင်ငံပိုင်သတင်းများက
ဖော်ပြခဲ့ပြီး ယင်းဖြစ်ရပ်သည် သမ္မတသစ် ရှီကျင့်ဖျင် လက်ထက်တွင် အဆင့်မြင့်အရာရှိများ
၏ ပထမဆုံး အကျင့်ပျက်ခြစားမှုဖြစ်သည်။

၀န်ကြီးဟောင်း လျူကျီကျွင်းသည် ပေကျင်းရှိ တရားရုံးတစ်ရုံးတွင် စစ်ဆေးခံခဲ့ရကြောင်း ရှင်ဟွာ
သတင်းဌာန၏ အတိုချုပ် သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

တရားရုံး၏ စွပ်စွဲချက်အရ လျူသည် ရာထူးတိုးသည့်ကိစ္စနှင့် စာချုပ်ချုပ်သည့် ကိစ္စရပ်များတွင်
အောင်မြင်ရန် ၎င်း၏ရာထူးကို အလွဲသုံးစားလုပ်ကာ လူ ၁၁ ဦးကို ကူညီခဲ့ပြီး ၁၉၈၆ ခုနှစ် နှင့်
၂၀၁၁ ခုနှစ်များကြားတွင် လာဘ်စား ပြီးရရယူခဲ့သည့် ငွေပမာဏမှာ ယွမ် ၆၄ ဒသမ ၆ သန်း
(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း) ရှိခဲ့ကြောင်း ရှင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

လျူ မသမာမှုကြောင့် တိုင်းပြည် နှင့် ပြည်သူတို့၏ အကျိုးစီးပွားများနှင့် ပြည်သူတို့၏ ပိုင်ဆိုင်မှုများ
အမြောက်အမြား ဆုံးရှုံးခဲ့ရသည်။

သို့ဖြစ်၍အာဏာ အလွဲသုံးစားပြုလုပ်မှုနှင့် လာဘ်စားမှုများအတွက် ပေးဆပ်ရန် တာဝန်ရှိသည့်
ပြစ်မှုကျူးလွန်သူအဖြစ် အပြစ်ပေးထိုက်သည်ဟု တရားရုံး၏ စွဲဆိုချက်ကို ကိုးကားပြီး ရှင်ဟွာ
သတင်းကဆိုသည်။

လျူ၏လုပ်ရပ်အတွက် ကျခံရမည့်ပြစ်ဒဏ်မှာ ကြီးလေးပြီး တရုတ်နိုင်ငံ၏ ဥပဒေအရ ယွမ်တစ်သိန်း
လာဘ်စားမှုအတွက် သေဒဏ်ကျခံရနိုင်သည်။

တရားရုံးဆုံးဖြတ်ချက်အား ဆုံးဖြတ်ချက်ချပြီး နောက်တစ်ရက်တွင် ထုတ်ပြန်မည်ဟု ရှင်ဟွာ
သတင်းကဆိုသည်။

လျူ လာဘ်ပေးလာဘ်ယူလုပ်ခဲ့သည် ဟု အစိုးရရှေ့နေ၏ စွပ်စွဲချက်တွင် ဖော်ပြထားသော ယွမ်
၄၉ သန်းကို လျူအနေဖြင့် စဉ်းပင်မစဉ်းစားခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု လျူ၏ ရှေ့နေ
ချန်လျယ်ယန်က ပြောသည်။

လျူသည် တရုတ်နိုင်ငံ၏ အမြန်ရထား ဆက်သွယ်ရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုး တက်အောင် ဦးဆောင်
ခဲ့သည့် ဖခင်ကြီး အဖြစ်ထင်ရှားပြီး မီးရထားလုပ်ငန်းတွင် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့ပြီး နောက်
၂၀၀၃ ခုနှစ်တွင် ၀န်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ
သည်။

တရားစွဲဆိုမှုများကို ပြီးခဲ့သည့် ဧပြီလတွင် အမှုဖွင့်ခဲ့ကြောင်း ရှင်ဟွာသတင်း ကဆိုသည်။

တရားစွဲဆိုမှုများ ပတ်လည်ဝိုင်းနေသော အခြေအနေမှာ အထူးစိုးရိမ်စရာဖြစ်သည်ဟု တရားရုံး
၏စွဲဆိုချက်ကို ကိုးကားပြီး ရှင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှ ခေါင်းဆောင်သစ်များသည် လာဘ်စားမှုများကို တိုက်ဖျက်သွားမည်ဟု သန္နိဋ္ဌာန်ချ
ထားကြသည့် အချိန်တွင်လျူ၏အမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

(အေအက်ဖ်ပီ)