ဘန်ကောက် အိမ်တစ်လုံးတွင် ခြင်္သေ့ဖြူများတွေ့

ဘန်ကောက် အိမ်တစ်လုံးတွင် ခြင်္သေ့ဖြူများတွေ့

ဘန်ကောက် - ထိုင်းရဲက ၎င်းတို့သည် ဘန်ကောက်မြို့တော်ရှိ အိမ်တစ်လုံးကို ၀င်ရောက်စီးနင်းစဉ်
အတွင်း မျောက်များ၊ လိပ်များနှင့် ခြင်္သေ့ဖြူ ၁၄ ကောင်အပါအဝင် သက်ရှိ တောရိုင်းတိရစ္ဆာန်
၂၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု ဇွန်လ ၁၀ ရက်နေ့က ပြောသည်။

မြို့တော်၏ ထင်ရှားသော ချာတူချက်ဈေးမှ အိမ်မွေးတိရစ္ဆာန် ဆိုင်ပိုင်ရှင်အပါအဝင် ထိုင်းနှစ်ဦးတို့
တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုဖြင့် တရားစွဲခံရသည်။

ပြစ်မှုထင်ရှားလျှင် ၎င်းတို့သည် ထောင်လေးနှစ် ကျခံရမည်ဖြစ်သည့်အပြင် ဘတ် ၄၀,၀၀၀
(ဒေါ်လာ ၁,၃၀၀) ဒဏ်ငွေအတပ်ခံရမည်။

"ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေရဲ့ အနံ့ဆိုးတွေရကြောင်း တိုင်စာကို လက်ခံရရှိခဲ့ပါတယ်။ ဒါ့ပြင်
စုံစမ်းစစ်ဆေးပြီးနောက် ကျွန်တော်တို့ အဲဒီနေရာမှာ ၀ှက်ထားတဲ့ တိရစ္ဆာန်တွေကို တွေ့ခဲ့ရတယ်"
ဟု ရဲဗိုလ်မှူးကြီး အက်အဲကာဆတ်က အေအက်ဖ်ပီ ကိုပြောသည်။

"ခြင်္သေ့တွေကိုတော့ တိရစ္ဆာန်ရုံတွေဆီ ရောင်းချဖို့ ခွင့်ပြုမိန့်တွေကို အသုံးပြုပြီး နိုင်ငံတွင်းကို
ယူဆောင်လာတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ရုံတွေကို ရောင်းမယ့်အစား ပုဂ္ဂလိက
၀ယ်သူတွေကို ရောင်းချလိုက်တာပါ"ဟု ၎င်းကပြောသည်။

သံသယဖြစ်သူနှစ်ဦးက တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုတွင် ၎င်းတို့မပါ၀င်ကြောင်း
ငြင်းဆန်ခဲ့သည်။

(အေအက်ဖ်ပီ)