ပန်နာဂျီ - အိန္ဒိယ အတိုက်အခံပါတီ ဘာရာတီယာဂျနာတာ (ဘီဂျေပီပါတီ)၏ နှစ်ရက်ကြာ
အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် ဇွန်လ ၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ အတိုက်အခံ နိုင်ငံရေး
သမား နာရန်ဒါမိုဒီကို ၂၀၁၄ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး
ကော်မတီဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခဲ့ရာ မိုဒီမှာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာရန် လမ်းပွင့်သွားပြီဖြစ်သည်။
ဂူဂျာရတ်ပြည်နယ်၏ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်မှာ ဆယ်စုနှစ်
တစ်ခုကျော် ကြာနေပြီဖြစ်သည့် မိုဒီက ဘီဂျေပီပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီ၏
ဥက္ကဋ္ဌဖြစ်လာသည့်အတွက် အလွန်အမင်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
သဘောထားတင်းမာသည့် ဟိန္ဒူအမျိုး သားရေးဝါဒီတစ်ဦးဖြစ်သူ မိုဒီက ၂၀၀၄ ခုနှစ်ကတည်းက
အာဏာရလာသော ကွန်ဂရက်ပါတီကို အနိုင်ရရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ၎င်း၏ တရားဝင်တွစ်တာ စာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခဲ့သည်။
"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကွန်ဂရက်ပါတီနဲ့ လွတ်ကင်းတဲ့ အိန္ဒိယ နိုင်ငံဖြစ်ရေးပါ။
တကယ်လို့ အိန္ဒိယ နိုင်ငံက ကွန်ဂရက်ပါတီကနေ လွတ်မြောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့
အခက်အခဲတွေအားလုံး ဖြေရှင်းလို့ ရမှာဖြစ်ပါတယ်" ဟု မိုဒီက ရာထူးလက်ခံအပြီး မိန့်ခွန်းတစ်ရပ်
တွင်ပြောကြားခဲ့သည်။
ပါတီအတွင်း ၎င်းထက် ၀ါရင့်ပုဂု္ဂိလ်များက ၎င်းနှင့်ပတ်သက်ပြီး ဒွိဟစိတ်တချို့ရှိသော်လည်း
အိန္ဒိယလွှတ်တော်အတွင်း အဓိက အတိုက်အခံဖြစ်သည့် ဘီဂျေပီပါတီက ကမ်းရိုးတန်း ပြည်နယ်
တစ်ခုဖြစ်သည့် ဂိုအာပြည်နယ် တာလေဂါနာမြို့၌ပြုလုပ်သည့် အစည်းအဝေးတွင် မိုဒီကို ရွေးချယ်
ခဲ့ခြင်းဖြစ်သည်။
ဘီဂျေပီပါတီက မိုဒီကို ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး
နောက်ရက် ဇွန်လ ၁၀ ရက်နေ့တွင် ပါတီခေါင်းဆောင် လားလ်ခရစ်ရှနားအက်ဒ်ဗာနီက ပါတီခေါင်း
ဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း ၎င်း၏ရုံးမှသတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ပြောကြား
ခဲ့သည်။
အသက် ၈၅ နှစ်အရွယ်ရှိ အက်ဒ်ဗာနီမှာ ဘီဂျေပီပါတီ၏ အားထားရသူတစ်ဦး ဖြစ်ပြီး ဒုတိယ
၀န်ကြီးချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည်။
အက်ဒ်ဗာနီ က ဘီဂျေပီပါတီ၏ အစည်းအဝေးကိုကျန်းမာရေးမကောင်းဟု တရားဝင်အကြောင်း
ပြချက်ပေးကာ မတက်ရောက်ဘဲ နေခဲ့ပြီး မိုဒီအား ရွေးချယ်ခဲ့ခြင်းကို ကန့်ကွက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်လာ ရန်ရည်မှန်းထားသော မိုဒီအတွက် ထိုသို့ ရွေးချယ်ခံရခြင်းက
အခြေအနေကောင်းတစ်ရပ်ဖြစ်သော်လည်း ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်၌ အကြီးအကျယ်
ဖြစ်ပွားခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများက မိုဒီ၏ရည်မှန်းချက်အတွက် အတား
အဆီးတစ်ခု ဖြစ်လာနိုင်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှားပါးလာပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသည့်ဒဏ်ကို အဆက်မပြတ်ခံ
နေရသည့် အာရှ တတိယ စီးပွားရေးအင်အားကြီးနိုင်ငံ၏ အခွင့်အလမ်းများကို အသစ်တစ်ဖန်
ပြန်လည်ရယူပေးနိုင်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လိုလားသူတစ်ဦးဖြစ်ကြောင်း ပြည်သူ
များသိရှိရန် မိုဒီက အပြင်းအထန်စည်းရုံး လှုံ့ဆော်လျက်ရှိသည်။
၎င်းအားထောက်ခံသူများက မိုဒီကို ဂူဂျာရတ်ပြည်နယ်အား မကြံုစဖူး ကြွယ်ဝချမ်းသာပြီး ဖွ့ံဖြိုး
တိုးတက်အောင်လုပ်ဆောင်ပေးခဲ့သည့် ခေတ်မီအတွေး အခေါ်ရှိသော စီးပွားရေးအကွက်မြင်သူ
တစ်ဦးအဖြစ် သတ်မှတ်ကြသည်။
အချို့သော ဘီဂျေပီ အဖွဲ့ဝင်များက ကွန်ဂရက်ပါတီကို အနိုင်ရအောင် လုပ်ဆောင်မည့် မိုဒီ၏
အစွမ်းအစနှင့် ပတ်သက်ပြီး သံသယရှိနေကြသည်။
"မိုဒီ ကိုယ်စားလှယ်လောင်းဖြစ်ရင် သဘောထားကွဲမှုတွေလည်း ရှိလာမယ်။ သူ့ကိုထောက်ခံတဲ့
သဘောထားတင်းမာတဲ့ ဟိန္ဒူဂိုဏ်းဝင်တွေ အဓိကပါ၀င်တဲ့သူ့ရ ဲ့ပါတီထဲမှာတောင် သူနဲ့ပတ်သက်
ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်" ဟု နယူးဒေလီမြို့ရှိ မူဝါဒ သုတေသနပြုရေးစင်တာမှ
ဘီဂျီဘာဂျီးစ်က ပြောကြားခဲ့သည်။
မိုဒီက နိုင်ငံရေးအရအရေးပါသည့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဥတ္တရာပရာဒက်ရှ်နှင့် ဘီဟာပြည်နယ်
တို့ကဲ့သို့ အရေးကြီးသည့် ပြည်နယ်များကို ၎င်းဘက်ပါအောင် ဆွဲဆောင်ရန်လိုအပ်မည် ဖြစ်သည်။
ယင်းပြည်နယ်များတွင် ဒေသတွင်း ပါတီများကြီးစိုးလျက်ရှိပြီး မွတ်စလင်အများစု နေထိုင်ရာ ဒေသ
များဖြစ်သည်။
(အေအက်ဖ်ပီ)

















