ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မရ

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မရ

ဖနွမ်းပင် - ကမ္ဘောဒီးယားနိုင်ငံ၌ မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲတွင်
၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရန် အတိုက် အခံခေါင်းဆောင် ဆမ်ရိန်ဆီ၏ လျှောက် ထားချက်ကို
ဇူလိုင်လ ၂၂ ရက်နေ့၌ရွေးကောက်ပွဲကျင်းပရေး တာဝန်ရှိသူများကပယ်ချခဲ့ရာ ၎င်းမှာ ဇူလိုင်
လ ၂၈ ရက်နေ့၌ကျင်းပမည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်
ယှဉ်ပြိုင်ခွင့်ရတော့မည်မဟုတ်ပေ။

ရွေးကောက်ပွဲ ကိုယ်စား လှယ်လောင်းများကို မှတ်ပုံတင်ရာ၌ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု
မရှိခြင်းကြောင့် ရိန်ဆီကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီ (NEC)
၏ ဥက္ကဋ္ဌဖြစ်သူ အင်မ်ဆူစ်ဒီက ရိန်ဆီ၏ ဇူလိုင်လ ၂၁ ရက်နေ့က လျှောက်ထားချက်အား တုံ့ပြန်
ပြောကြားခဲ့သည်။

မကြာသေးမီက လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့သည့် ပြည်ပ၌ တိမ်းရှောင်နေသော အတိုက်အခံ
ခေါင်းဆောင် ဆမ်ရိန်ဆီသည် ဇူလိုင်လ ၁၉ ရက်နေ့ က ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်
ရှိလာရာ ၎င်းကို ထောက်ခံသူ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြ သည်။

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စု နှစ် သုံးခုနီးပါး အုပ်ချုပ်နေသည့် ၀န်ကြီးချုပ် ဟွန်ဆန်၏ အဓိက
အတိုက် အခံတစ်ဦးဖြစ်သူ ရိန်ဆီသည် ၎င်းအား ရွေးကောက်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်ခွင့် မပေးလျှင်
ကမ္ဘောဒီးယား ပြည်သူများ၏ ဆန္ဒပြကန့်ကွက်မှုများ ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း သတိပေး
ထားသည် ဟုသိရသည်။

ရိန်ဆီ၏ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ ( CNRP) က ရိန်ဆီ ကို ရွေးကောက်ပွဲကိုယ်
စားလှယ် တစ်ဦး အနေဖြင့် အမည်တင်သွင်းခြင်း မရှိခဲ့ ကြောင်းနျင့် ယခုအချိန်တွင် ၎င်းအား
ထည့်သွင်းရန် အလွန်နောက်ကျသွားပြီ ဖြစ်ကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီက
ပြောကြားခဲ့သည်။

၎င်း ပယ်ချခံရခြင်းမှာ ၀န်ကြီးချုပ် ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)
၏ ကြိုတင် ကြံစည်မှုဖြစ်ကြောင်း ဆမ်ရိန်ဆီက ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် ဟွန်ဆန်သည်
အရှေ့ တောင်အာရှ၏ ရာထူးသက်တမ်း အရှည် ကြာဆုံး ထမ်းဆောင်ရသည့် ခေါင်း ဆောင်များ
ထဲမှ တစ်ဦးဖြစ်သည်။

လိမ် လည်မှုနှင့် ရွေးကောက်ပွဲ မသမာမှုများ ရှိသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေ သည့်ကြားက
၎င်း၏ CPP ပါတီက ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ခုစလုံး တွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

"CPP ပါတီကို ယှဉ်ပြိုင်ဖို့ အကြီးဆုံး အတိုက်အခံပါတီရဲ့ ခေါင်းဆောင်ကိုပါ၀င်ခွင့်မပြုတဲ့အတွက်
ဒီရွေးကောက် ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်လိုက်
တာဟာ ဆမ်ရိန်ဆီက လူအများရဲ့ ထောက်ခံမှုကို ရနေတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်မှုကိုပြ
သ လိုက်တာဖြစ်ပါတယ်" ဟု အတိုက်အခံ ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ယင်မ် ဆိုဗန်းကပြောကြား
ခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ပညာသင်ခဲ့သည့် ဘဏ်မန်နေဂျာဟောင်း တစ်ဦးဖြစ်သူ ဆမ်ရိန်ဆီသည် နိုင်ငံ
ရေး လှုံ့ဆော်မှု ဖြင့် စွဲချက်တင်ခံရခြင်းများကို ရှောင်ရှား ရန် ၂၀၀၉ ခုနှစ်က ပြည်ပသို့သွား ရောက်
တိမ်းရှောင်ခဲ့သည်။

ရိန်ဆီသည် ၎င်း၏ဖခင် ပျောက်ဆုံး သွားပြီးနောက် အသက် ၁၆ နျစ်အရွယ် တွင် ပြင်သစ်သို
့ ပြောင်းရွှေကနေထိုင်ခဲ့ သည်။ ထို့နောက် ၁၉၉၂ ခုနှစ်တွင် ကမ္ဘောဒီးယားသို့ ပြန်လည်ရောက်ရှိ
ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခေတ္တမျှထမ်းဆောင်ခဲ့သည်။

၎င်းသည် ၂၀၀၅ ခုနှစ်ကလည်း ၀န်ကြီးချုပ် ဟွန်ဆန်၏အသရေဖျက် တရားစွဲမှုများကြောင့်
ကမ္ဘောဒီးယားနိုင်ငံမှ တိမ်းရှောင်ခဲ့ဖူးသည်။ အသက် ၆၄ နျစ်အရွယ် ဆမ်ရိန်ဆီ မှာ ယခင်က
၎င်းနိုင်ငံသို့ ပြန်လာ လျှင် ထောင်ဒဏ် ၁၁ နှစ် ကျခံရမည်ဖြစ်သော်လည်း ကမ္ဘောဒီးယား
ဘုရင် သီဟာမုနီက ၀န်ကြီးချုပ် ဟွန်ဆန်၏ တောင်းဆိုချက်အရ ပြီးခဲ့ သည့်ရက်သတ္တပတ်က
၎င်းအား လွတ် ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာ ရွေးကောက် ပွဲမတိုင်မီ ပြန်ရောက်လာခြင်းဖြစ်သည်။

ယခုလကျင်းပမည့် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ မဖြစ်လျှင် ကမ္ဘောဒီး
ယားနိုင်ငံကိုထောက်ပ့ံကူညီမှုအား ရပ်ဆိုင်းပစ်ရန် အမေရိကန် ဥပဒေပြုလွှတ်တော်အမတ် များ
က တောင်းဆိုထားသည်။

(အေအက်ဖ်ပီ)