တရုတ်နိုင်ငံတွင် ဝေလငါးမန်းများ သတ်ဖြတ်နေသည့် စက်ရုံတွေ့ရှိ

တရုတ်နိုင်ငံတွင် ဝေလငါးမန်းများ သတ်ဖြတ်နေသည့် စက်ရုံတွေ့ရှိ

ဟောင်ကောင် - တရုတ်နိုင်ငံ တောင်ပိုင်းတွင် နှစ်စဉ် ဝေလငါးမန်းကောင်ရေ ၆၀၀ နီးပါး
သတ်ဖြတ်နေသည့် စက်ရုံတစ်ရုံရှိကြောင်း၊ အဆိုပါစက်ရုံကို မျိုးသုဉ်းလုနီးပါးဖြစ်နေသော
မျိုးစိတ်များ သတ်ဖြတ်ရောင်းချရာ ကမ္ဘာ့ အကြီးကျယ်ဆုံးနေရာဟုလည်း ခေါ်ဆိုကြောင်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

လေးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် ကျဲ့ကျန်းပြည်နယ်၊ ဖူချီမြို့ရှိ ယင်းစက်ရုံကို ရှာဖွေတွေ့ရှိခဲ့ခြင်း
ဖြစ်ကြောင်း ဟောင်ကောင် အခြေစိုက် WildLifeRisk သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က
ဆိုသည်။

ဝေလငါးမန်းများ သတ်ဖြတ်မှုသည် များသောအားဖြင့် ကျန်းမာရေး အထောက်အကူပစ္စည်းအဖြစ်
အသုံးပြုကြသည့် ဝေလငါးမန်း အဆီများ စီမံထုတ်လုပ်ကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ ကဆိုသည်။

ယင်းအဖွဲ့က ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတွင် ကိုယ်ပေါ်၌ အစက်အပြောက်များပါသော
ဝေလငါးမန်းနှင့် အခြားသော ငါးမန်းမျိုးစိတ်တို့၏ ဆူးတောင်ကြီးများကို အလုပ်သမားများက
ဖြတ်တောက်နေသည်ကို တွေ့ရသည်။

"ဒီလို အန္တရာယ်မပေးတဲဲ့ ရေအောက်နေ ဝေလငါးမန်းတွေကို ဒီစက်ရုံကြီးက သတ်ဖြတ်နေတယ်
ဆိုတာ မယုံနိုင်စရာပဲ" ဟု အေအက်ဖ်ပီသို့ ပေးပို့သော WildLifeRisk အဖွဲ့၏ ထုတ်ပြန်ချက်က
ဆိုသည်။

"နှုတ်ခမ်းနီ၊ မျက်နှာလိမ်း ခရင်မ်၊ ကျန်းမာရေးဖြည့်စွက်စာနဲ့ ငါးမန်းတောင်ဟင်းချို ဆိုပြီး လူမှုဘဝ
နေထိုင်မှုပုံစံတွေအတွက်သာ အရေးပါပြီး မလိုအပ်တဲ့နေရာတွေအတွက် ဒီလို သတ်ဖြတ်နေတာ
တွေကို မြင်ရတဲ့အခါ ပိုပြီး မယုံကြည်နိုင်ဖြစ်ရတယ်" ဟု ဆိုသည်။

သားသတ်ရုံတွင် Basking shark နှင့် Blue shark ခေါ်သည့် ငါးမန်းများအပါအဝင် အခြားသော
ငါးမန်းမျိုးစိတ်များကိုပါ ကိုင်တွယ်သတ်ဖြတ်ပြီး မျိုးစိတ်သုံးမျိုးမှ နှစ်စဉ် ငါးကြီးဆီ တန် ၂၀၀
ထွက်ရှိကြောင်း လီဟု ဆိုသည့် ပိုင်ရှင်က ယင်းဗီဒီယိုတွင် ပြောကြားခဲ့ပြီး ငါးအရေခွံများကိုမူ
မှောင်ခိုခိုးထုတ်ရသည်ဟု ၎င်းကဆိုသည်။

ဝေလငါးအရေခွံများကို တရုတ်စားသောက်ဆိုင်များရှိသော အီတလီ၊ ပြင်သစ်တို့ကဲ့သို့ ဥရောပနိုင်ငံ
များသို့ တင်ပို့သည်ဟု လီနှင့် ညီအစ်ကိုတော်သူဆိုသူက ပြောကြားသည်။

ဝေလငါးမန်းတို့၏ အရှည်သည် ၁၂ မီတာ (၃၉ ပေ) ခန့်ထိရှိသော်လည်း လူတို့ကို အန္တရာယ်
ပြုခြင်းမရှိဘဲ ရေသတ္တဝါ အသေးစားလေးများကိုသာ အစာအဖြစ် စားကြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသမဂ္ဂက ထုတ်ပြန်ထားသည့်
မျိုးသုဉ်းလုနီးပါး မျိုးစိတ်များ၏ အရေးကြီးစာရင်းတွင် ဝေလငါးမန်းများ ပါ၀င်သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာ မျိုးသုဉ်းလုနီးပါးမျိုးစိတ်များ ရောင်းဝယ်ရေးညီလာခံက နောက်ဆက်တွဲ
ထုတ်ပြန်ထားသည့် Appendix II တွင် ဖော်ပြထားသည်မှာ အရေအတွက်ကို ထိန်းသိမ်းနေသည့်
ကြားမှ ၀င်ရောက်လာသည့် မည်သည့် ပြည်ပပို့ကုန်ကိုမဆို အဆိုပါပစ္စည်း ရရှိခဲ့သည့်ရင်းမြစ်ကို
ပြသရမည်ဟုဆိုထားသည်။

(အေအက်ဖ်ပီ)