လက်ပစ်ဗုံးဖြင့် ကစားသူ ကလေးခြောက်ဦး သေဆုံး

လက်ပစ်ဗုံးဖြင့် ကစားသူ ကလေးခြောက်ဦး သေဆုံး

ပက်ရှ်ဝါ - ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က ကလေးငယ်များ
လက်ပစ်ဗုံးတစ်လုံးနှင့် ကစားရာ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်မိသားစုတည်းမှ ကလေးခြောက်ဦး
သေဆုံးကာ အခြားကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသက်ငါးနှစ်မှ ၁၂ နှစ်ရှိ ကလေးငယ်များ သည် ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်တွင် ဟန်ဂူမြို့ရှိ
၎င်းတို့၏နေအိမ်အနီး၌ ကစားနေကြခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိ ဟူစိန်ဘာရှားက
အေအက်ဖ်ပီသို့ ပြောကြားသည်။

"ပေါက်ကွဲမှုကြောင့် ယောက်ျားလေး ငါးဦးနဲ့ မိန်းကလေးတစ်ဦးသေဆုံးခဲ့ပါတယ်။ တခြား ကလေး
တစ်ဦးက ဒဏ်ရာရသွားပါတယ်" ဟု ခရိုင်ရဲအရာရှိ အစ်ဖ်တီခါအာမက်က ပြောသည်။

ကလေးငယ်များသည် အနီးအနား မြေကွက်လပ် တွင်တွေ့ရှိခဲ့သော လက်ပစ်ဗုံးတစ်လုံးဖြင့်
ကစားခဲ့ခြင်းဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦး ကပြောကြားသည်။

သေဆုံးသူကလေးငယ်များထဲမှ မိန်းကလေးတစ်ဦးနှင့်ယောက်ျားလေးသုံးဦးတို့မှာ မောင်နှမ
အရင်းများဖြစ်ပြီး ကျန်ယောက်ျားလေး နှစ်ဦးမှာ ၎င်းတို့နှင့် ၀မ်းကွဲတော်စပ်သူများဖြစ်သည်။

ထိုမိသားစုမှာ အနီးအနားရှိ စစ်တပ်နှင့် တာလီဘန်တို့တိုက်ပွဲဖြစ်နေရာ အိုရက်ဇိုင်းဒေသမှ
ဟန်ဂူမြို့သို့ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။

ဟန်ဂူမြို့မှာလည်း စစ်သွေးကြွများ ပစ်မှတ်ထား တိုက်ခိုက်နေကျ နေရာတစ်ခုဖြစ်သည်။

အနီးအနားရှိ ရွာတစ်ရွာမှ ပါကစ္စတန် ကျောင်းသားလေး တစ်ဦးမှာ ယခုလ အစောပိုင်းက
အတန်းဖော်များ၏ အသက်ကိုကယ်တင်ရန် ၎င်း၏ အသက်ကို စတေးကာ အသေခံဗုံးခွဲသမား
တစ်ဦးကို တားဆီးခဲ့သည်။

ပါကစ္စတန်အစိုးရနှင့် အမေရိကန်နိုင်ငံတို့ မဟာမိတ်ဆက်ဆံရေးကို ဖျက်သိမ်းပေးရန်နှင့်
အစ္စလမ္မစ်ရှာရီယာဥပဒေကို ပါကစ္စတန်နိုင်ငံတွင် ပြဋ္ဌာန်းရန် အစိုးရကို ဖိအားပေးသည့်အနေဖြင့်
ပါကစ္စတန်တာလီဘန်များက ၂၀၀၇ ခုနှစ်ကတည်းက ပါကစ္စတန်နိုင်ငံတွင် စစ်ပွဲတစ်ရပ်
ဆင်နွှဲလျက်ရှိသည်။

(အေအက်ဖ်ပီ)