မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်သူ စီပါရီယာနိုကို ထောင်ဒဏ်ချမှတ်

မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်သူ စီပါရီယာနိုကို ထောင်ဒဏ်ချမှတ်

ဂျကာတာ - အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန်ကြံစည်ခဲ့မှုတွင် ပါ၀င်
ခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးခဲ့သော တရားခံတစ်ဦးကို အင်ဒိုနီးရှား တရားရုံး တစ်ရုံး
က ဇန်နဝါရီလ ၂၃ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခဲ့သည်။

စီပါရီယာနိုမှာ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲရန် ကြံစည်မှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ်
ထင်ရှားစီရင်ခြင်းခံရသည့် လေးယောက်မြောက် တရားခံဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ စီပါရီယာနိုကို မေလအတွင်း မြန်မာသံရုံးကို တိုက်ခိုက်မှု မလုပ်ဆောင်မီ
ညက ကျောပိုးအိတ် တစ်လုံးထဲတွင် ဖောက်ခွဲရေးအတွက် အသုံးပြုမည့် ဗုံးများကိုသယ်ဆောင်ပြီး
အကြမ်းဖက်သမားတစ်ဦးနှင့် အတူ မော်တော်ဆိုင်ကယ်စီးလာစဉ် ဂျကာတာမြို့တောင်ပိုင်း၌
ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တရားရုံး၌ ယခင် ကြားနာစစ်ဆေးမှု တစ်ခုတွင် ၎င်းက အခြား စစ်သွေးကြွများနှင့် ဖေ့စ်ဘွတ်ခ်မှ
တစ်ဆင့် လျှို့ဝှက် ပူးပေါင်း ကြံစည်ခဲ့ကြောင်းနှင့် ယခုအခါ အကျဉ်းချခံနေရသော
အဘူဘာကာရ်ဘာရှား၏ ဟောပြောပွဲများကို တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဂျကာတာမြို့တောင်ပိုင်း ခရိုင်တရားရုံးက စီပါရီယာနိုကို အင်ဒိုနီးရှားနိုင်ငံ၏ အကြမ်းဖက်
တိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က ပြစ်မှုထင်ရှားကြောင်း
အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခု ထောင်ဒဏ်ချမှတ်လိုက်သော တရားခံ စီပါရီယာနိုသည် ခိုင်လုံသည့် သက်သေအထောက်
အထားအရ အကြမ်းဖက်မှု လုပ်ဆောင်ရန် အတွက် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးခြင်း၊
ယင်းတို့ကို သယ်ဆောင်ခြင်းတို့ဖြင့် ပြစ်မှုထင်ရှားကြောင်း တရားသူကြီး ဆူဝမ်တိုက အမိန့်ချမှတ်
ရာတွင် ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)