စစ်အေးတိုက်ပွဲသစ် တရုတ်နှင့် ဂျပန် အင်အားပြိုင်ဆိုင်လာကြ

စစ်အေးတိုက်ပွဲသစ် တရုတ်နှင့် ဂျပန် အင်အားပြိုင်ဆိုင်လာကြ

ခုတစ်လောမှာ ဂျပန်အရာရှိတွေ အမှတ်မဲ့နှာချေ မိတာနဲ့ တရုတ်တွေက ဒေါသထွက်မှာဖြစ်သလို
တရုတ်တွေက နှာချေရင်လည်း ဒီလိုပဲဖြစ်ဖို့ များနေတယ်။

ဒါကြောင့် ရှင်ဇိုအာဘေးရဲ့ ကျေရာကျေကြောင်း ထုတ်ပြန်ချက်တွေကို တရုတ်တွေက
ပင်ပယ်နယ်နယ် ခါးခါးသီးသီး ငြင်းပယ်ခဲ့တာတွေကိုကြည့်ရင် အံ့ဩစရာတော့ မဟုတ်ပါဘူး။

ဇန်နဝါရီ ၂၃ ရက်က ရှင်ဇိုအာဘေး ပို့လိုက်တဲ့ တရုတ်နှစ်သစ်ကူး သဝဏ်လွှာကို ဒေသခံ
တရုတ်ဘာသာ သတင်းစာတွေမှာ ဖော်ပြခဲ့တယ်။

ဂျပန်ဘာသာနဲ့ရေးထားတာကို ရိုက်တာ သတင်းဌာနက ပြန်ဆိုရာမှာ ဂျပန်နိုင်ငံဟာ ဒုတိယ
ကမ္ဘာစစ်ကြီးနောက်ပိုင်း ငြိမ်းချမ်းရေးလမ်းကိုလျှောက်ခဲ့ပြီး ဒီအခြေအနေ ဆက်လက်သွားဖို့မူဝါဒကို
ပြောင်းလဲခြင်း မရှိဘူးလို့ အာဘေးက လေးနက်စွာ ပြောဆိုခဲ့တယ်။

ဇန်နဝါရီ ၂၄ ရက် အာဘေးဟာ ငြိမ်းချမ်းရေး သင်္ကေတဖြစ်တဲ့ သံလွင်ခက်ကို ဆက်လက်
ကမ်းလှမ်းခဲ့တယ်။

Channel News Asia သတင်းဌာနအဆိုအရ အာဘေးက ပါလီမန် အစည်းအဝေးတစ်ခုတွင်
ဂျပန်နှင့် တရုတ်နိုင်ငံ တို့သည် ခွဲခြား၍မရနိုင်ဘဲ အမြဲတမ်းလက်တွဲ ကြရမှာဖြစ်ကြောင်း
ပြောကြားခဲ့တယ်။

နှစ်နိုင်ငံစလုံး သံတမန် အစည်းအဝေးတွေ ပြန်စလိုတဲ့ ဆန္ဒရှိနေကြောင်းကိုလည်း အာဘေးက
ပြောခဲ့တယ်။

ပြဿနာတွေ မပြေလည်မချင်း ဆွေးနွေးမှုတွေလုပ်ဖို့ ငြင်းဆိုမယ့်အစား ပြဿနာတွေ ရှိနေတဲ့
အတွက် ကျွန်တော်တို့တစ်တွေ ဆွေးနွေးမှုတွေ လုပ်ရမယ်လို့ အာဘေး ကပြောခဲ့တယ်။

တရုတ်အစိုးရကတော့ ဒီကမ်းလှမ်းချက်တွေကို လုံးဝ ပယ်ချခဲ့တယ်။

ဒီလို ဆွေးနွေးမှုတွေဟာ ဘာမှထိရောက်မှုရှိမှာ မဟုတ်ဘူး။ တရုတ် အစိုးရခေါင်းဆောင်တွေဟာ
အလုပ် အလွန်များကြတယ်။ သူတို့အနေနဲ့ ပိုအသုံးဝင်ပြီး ထိရောက်တဲ့အလုပ်တွေ လုပ်ပါစေလို့
ချင်ကန်းက ထေ့လုံးငေါ့လုံးနဲ့ တုံ့ပြန်ခဲ့တယ်။

ရှင်ဇိုအာဘေးဟာ သူ့ရဲ့ ရိုးသားမှန်ကန်မှုကို သက်သေမပြမချင်း သံတမန်ဆွေးနွေးပွဲတွေ
မလုပ်နိုင်ဘူးလို့ တရုတ်အစိုးရက သူ့ရဲ့အနေအထားကို ထပ်တလဲလဲပြောဆိုခဲ့တယ်။

ဇန်နဝါရီ ၂၄ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်ကန်းက ဆွေးနွေးပြုလုပ်နိုင်ဖို့ တိကျတဲ့
လမ်းကြောင်းကို ထောက်ပြခဲ့တယ်။

အဲဒါကတော့ အာဘေးဟာ ချောက်ကမ်းပါးက နောက်ဆုတ်ကာ အမှားတွေကို ချက်ချင်းဝန်ခံ
ပြုပြင်ပြီး ယာဆူကူနီဗိမာန်ကို ဘယ်တော့မှ မသွားတော့ပါဘူးလို့ ကြေညာသင့်တယ်လို့
ပြောဆိုခဲ့တယ်။

ဒီအခြေအနေမှာတော့ တရုတ်ခေါင်းဆာင်တွေ ကျေနပ်အောင်လုပ်ပေးဖို့ အာဘေးအနေနဲ့မဖြစ်နိုင်
ဘူးလို့ ထင်ရတယ်။

China Daily သတင်းစာထဲက အယ်ဒီတာ့ အာဘော်ထဲမှာ ရေးသားခဲ့သလို တရုတ်အရာရှိတွေက
အာဘေးဟာ မိမိကိုယ်တိုင် ရှေ့နောက်မညီတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ရေးသားခဲ့တယ်။

ယာဆူကူနီဗိမာန်ဆီ သွားတာ၊ ဂျပန်စစ်တပ် ကို အင်အားမြှင့်လာတာ စတဲ့ တရုတ်အစိုးရ
မကြိုက်တဲ့ လုပ်ရပ်တွေကို တောင်းပန်ပြီး ထပ်တလဲလဲ ပြုမူခြင်းတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့
အာဘေးမလုပ်ရင် တရုတ်အစိုးရဟာ အာဘေးရဲ့ ဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးလေလုံးတွေကို
မရိုးသားဘူးဆိုကာ ပယ်ချမှာဖြစ်တယ်။

ဂျပန်အစိုးရရှုထောင့်က ကြည့်ပြန်ရင်လည်း တရုတ်နိုင်ငံနဲ့ ချစ်ခင်ရင်းနှီးတဲ့အတွက် အာဘေး
အစိုးရက လုံးလုံးလျားလျားအားထုတ်ရင် ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားတွေအတွက် အပြုသဘော
မဆောင်တဲ့ ဂယက်ရိုက်မှုတွေ ဖြစ်လာနိုင်တယ်။

ဒေသတွင်း ပြိုင်ဘက်ရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ဆိုပြီး နိုင်ငံနှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့
စစ်အင်အားကို မြှင့်တင်နေကြတယ်။

ဒါ့အပြင် နိုင်ငံရေးစနစ်ချင်းလည်း မတူကြဘဲ သမိုင်းကြောင်းတစ်လျှောက် မုန်းတီးမှုတွေရှိတာ
ကြောင့် နိုင်ငံအချင်းချင်း သံသယစိတ်တွေ လွန်ကဲနေကြတယ်။

နှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေးကို မြတ်နိုးကြတယ်လို့ အလေးအနက် ပြောနေကြပေမယ့်
အတိုက်အခံဘက်ကို ရန်လိုသူလို့မြင်အောင် လုပ်ပြတယ်။

စစ်အေးကာလပြီးဆုံးပြီးကတည်းက မဟာဗျူဟာ တွေးခေါ် မြော်မြင်တတ်သူတွေက ခေါင်းဆောင်
တွေကို 'စစ်အေးကာလစိတ်ထား'ကို ဖျောက်ဖျက်ပစ်ဖို့ သတိပေးခဲ့ကြတယ်။

ဒါပေမဲ့ အချည်းနှီးဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း တရုတ်နဲ့ ဂျပန်နိုင်ငံတို့ မပြေလည်ကြတာပေါ့။
တရုတ်နဲ့ ဂျပန်နိုင်ငံတို့အကြား ခိုင်မာတဲ့စီးပွားရေး ဆက်နွှယ်မှု တွေတောင် တင်းမာမှုတွေ
ရပ်သွားအောင် လုပ်မပေးနိုင်ဘူး။

တင်းမာမှုတွေက အားသာနေပြီး စီးပွားရေးဆက်နွှယ်မှုကိုတောင် ယိုယွင်းလာအောင် လုပ်နေသလို
ရှိတယ်။

လူထုသဘောထား စစ်တမ်းတစ်ခုအရ တရုတ်လုပ်ငန်းရှင် ခေါင်းဆောင်တွေရဲ့ ၆၀ ရာခိုင်နှုန်းက
ဂျပန်ကုမ္ပဏီတွေနဲ့ အလုပ်မလုပ်လိုကြဘူးလို့ The Telegraph သတင်းစာက ဖော်ပြခဲ့တယ်။

၂၀၁၂ ခုနှစ်တုန်းကဆိုရင် နှစ်နိုင်ငံတင်းမာမှုတွေ ဘယ်လောက်ထိ ကြီးထွားလာခဲ့သလဲဆိုရင်
ဂျပန်နိုင်ငံက ပစ္စည်းတွေကို သပိတ်မှောက်ဖို့ အတိအလင်း အော်ခဲ့ကြသလို ဆန္ဒပြသမားတွေက
ဂျပန်လုပ်ငန်းနဲ့ စားတော်ဆက်တွေကို ပစ်မှတ်ထား ဖျက်ဆီးခဲ့ကြတယ်။

တရုတ်နိုင်ငံအပေါ် ဂျပန် စီးပွားရေးလုပ်ငန်း အမြင်က ဒီလောက်မဆိုးရွားပေမယ့် စီးပွားရေးလုပ်ငန်း
တွေဟာ တခြားဒေသတွေကို အထူးသဖြင့် အရှေ့တောင်အာရှဆီကို ဦးတည်ရွှေ့ ပြောင်းတာတွေ
ရှိနေပြီဖြစ်တယ်။

The Telegraph သတင်းစာရဲ့အပြောအရ ဂျပန်နိုင်ငံသား ၈၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံ၊
တောင်ကိုရီးယား နိုင်ငံတွေနဲ့ ကုန်သွယ်မှု ဆက်လက်လုပ်ကိုင်လိုတယ်လို့ သိရတယ်။

စီးပွားရေး ဆက်ဆံမှုတွေဟာ ဆက်လက်ဆိုးလာမယ့် အခြေအနေမှာရှိတယ်။

တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးပွင့်ဆိုင် လွတ်လပ်တဲ့ ကုန်သွယ်ခွင့်သဘော တူညီမှုကို
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာ နောက်တစ်ကြိမ် ကျင်းပဖို့ဟာလည်း မသေချာတော့တာကို
တွေ့ရတယ်။

(ဤဆောင်းပါးသည် ရှဲနွန်တိုက်ဇ်ဇီး၏ အာဘော်သာဖြစ်ပါသည်)
(The Diplomat)

သောင်းညွန့် ဘာသာပြန်သည်။