လေကြောင်းပြပွဲ အင်ဒိုနီးရှားအရာရှိ များသွားရောက် မည်မဟုတ်ဟုဆို

လေကြောင်းပြပွဲ အင်ဒိုနီးရှားအရာရှိ များသွားရောက် မည်မဟုတ်ဟုဆို

စင်ကာပူ - အင်ဒိုနီးရှားနိုင်ငံက ယင်း၏ စစ် သင်္ဘောတစ်စင်းကို အမည်ပေးခြင်းနှင့် ပတ်သက်ပြီး
စင်ကာပူနိုင်ငံနှင့် အငြင်းပွားမှု ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌
စတင်ကျင်းပမည့် လေကြောင်း ပြသပွဲသို့ အင်ဒိုနီးရှား ကာကွယ်ရေးအရာရှိများ တက်ရောက်မည်
မဟုတ်ဟု အင်ဒိုနီးရှားနိုင်ငံက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ၁၉၆၅ ခုနှစ် ဗုံးပေါက်ကွဲမှုတစ်ခုအတွက် အင်ဒိုနီးရှား ရေတပ်
တပ်ဖွဲ့ဝင်နှစ်ဦး ကွပ်မျက်ခံခဲ့ရပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ အသစ်ပြန်လည် မွမ်းမံထားသော
စစ်သင်္ဘောတစ်စင်း၏ အမည်နှင့် ပတ်သက်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်သော
အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့ အပြင်းအထန် အငြင်းပွားလျက်ရှိသည်။

အင်ဒိုနီးရှား တပ်မတော်ဗိုလ်ချုပ်ကြီး မိုးလ်ဒိုကို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ဘူဒင်မန်နှင့် လေတပ်ကာကွယ်ရေးဦးစီးချုပ် အစ်ဒါဘာဂက်စ် ပူတူးဒူနီယာတို့သည် စင်ကာပူ
လေကြောင်းပြသပွဲသို့ တက်ရောက်တော့မည် မဟုတ်ဟု ဖေဖော်ဝါရီလ ၉ ရက်နေ့ နှောင်းပိုင်းက
ထုတ်ပြန်သော အင်ဒိုနီးရှားနိုင်ငံ၏ ကြေညာချက် တစ်စောင်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးရန်အတွက် စင်ကာပူသို့ သွားရောက်မည့်
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆဂျက်ဖရီ ဆဂျမ်းဆိုဒင်းန်၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်း
လိုက်ကြောင်း ယင်းအစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

သို့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းရှေ့တွင် အင်ဒိုနီးရှား လေယာဉ်မှူးများ၏ စွမ်းရည်ကို
ပြသနိုင်ရန် စင်ကာပူလေကြောင်းပြသပွဲ၌ အင်ဒိုနီးရှားနိုင်ငံ၏ လေယာဉ် အလှပြပျံသန်းသည့်
အဖွဲ့တစ်ဖွဲ့ ပါ၀င်ပြသမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံက ယင်း၏
စစ်သင်္ဘောကို "ကေအာရ်အိုင် အွတ်စ်မန်းဟာရွန်" ဟု အမည်ပေးခြင်းနှင့် ပတ်သက်ပြီး လက်မခံ
နိုင်ကြောင်း စင်ကာပူနိုင်ငံက ပြောဆိုသည်။

လူသုံးဦး သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့သော ၁၉၆၅ ခုနှစ် မတ်လက စင်ကာပူမြို့လယ်၌ဖြစ်ပွား
ခဲ့သော ပေါက်ကွဲမှုတွင်ပါ၀င်မှုဖြင့် အွတ်စ်မန်း ဟာဂျီ မိုဟာမက်အလီနှင့် ဟာရွန်ဆတ်ဒ်တို့ကို
စင်ကာပူနိုင်ငံကကွပ်မျက်ခဲ့သည်။

စင်ကာပူဝန်ကြီးချုပ် လီကွမ်းယူက ၁၉၇၃ ခုနှစ်တွင် အင်ဒိုနီးရှားရေတပ် တပ်ဖွဲ့ဝင်နှစ်ဦး၏ အုတ်ဂူ
များပေါ်သို့ လွမ်းသူ့ပန်းခွေချပြီးဖြစ်၍ ထိုကိစ္စမှာ ထိုအချိန်၌ပင် ပြီးပြတ်သွားပြီဟု ယုံကြည်ကြောင်း
ပြောကြားကာ အချို့သောစင်ကာပူ အစိုးရဝန်ကြီးများက အင်ဒိုနီးရှားဝန်ကြီးများထံသို့ ပြီးခဲ့သည့်
ရက်သတ္တပတ်က စစ်သင်္ဘော၏ အမည်ကို ပြန်လည်သုံးသပ်ရန်တောင်းဆိုခဲ့ကြသည်။

စင်ကာပူ လေကြောင်းပြသပွဲမှာ အာရှ၏ထိပ်တန်းအဆင့်ရှိ လေယာဉ်အလှပြ ပျံသန်းသည့်ပွဲဖြစ်ပြီး
စစ်တပ်အရာရှိကြီးများ စုဝေးတက်ရောက်ရာ နေရာဖြစ်ကာ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့မှ
စစ်ဘက်ဆိုင်ရာ လေယာဉ်များ အလှပြပျံသန်းကြသည့်ပွဲဖြစ်သည်။

အဆိုပါပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိကျင်းပ ပြုလုပ်မည်ဖြစ်သည်။

(အေအက်ဖ်ပီ)