မလေးရှားနိုင်ငံနဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆုတ်ယုတ်လာမှု

မလေးရှားနိုင်ငံနဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆုတ်ယုတ်လာမှု

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်စတဲ့ ဘယ်ဘာသာဝင်မဆို ဘာသာကိုင်းရှိုင်းကြတဲ့သူ
တွေဟာ သည်းခံတာနဲ့ ငြိမ်းချမ်းမှုတို့ကို ဟောပြောကြပေမယ့် သူတို့ဟာ အမြဲ သည်းမခံခြင်းနဲ့
မုန်းတီးမှုတို့ကို ကျင့်သုံးကြတယ်။

မလေးရှားနိုင်ငံဟာလည်း ဒီပြဿနာကို ကြံုနေရတယ်။ ဘာသာရေး တစ်ယူသန်တွေနဲ့သာ
ဆိုင်တဲ့ကိစ္စအပေါ် မိုက်မဲ ကလေးဆန်ဆန် မွတ်စလင်နဲ့ ခရစ်ယာန်ဘာသာဝင်တို့ဟာ
မကြာသေးခင်ကာလက အချင်းဖြစ်ပွားခဲ့ကြတယ်။

အခြေအနေဟာ တော်တော်ဆိုးလာတာကြောင့် မလေးရှားနိုင်ငံ လွတ်လပ်ရေးရပြီး ကတည်းက
အုပ်ချုပ်လာတဲ့ အမျိုးသားတပ်ဦး National Front အစိုးရဟာ အပြင်ပန်းအားဖြင့် လောကီသီးသန့်
၀ါဒဆန်သလို ရှိပေမယ့် တက်ကြွထက်သန်စွာ အစ္စလမ္မစ်ဆန်လာတာကို လူအများက
စိုးရိမ်ကြောက်ရွံ့နေကြတယ်။ ပြီးခဲ့တဲ့နှစ်က အထွေထွေရွေးကောက်ပွဲမှာ (National Front) ဟာ
အခြေမလှခဲ့ရာ တဖြည်းဖြည်း ကျဆင်းလာတဲ့ ထောက်ခံမှုကို တန်ပြန်ဖို့ နည်းလမ်းတွေ
ရှာဖွေနေတဲ့အတွက် စိုးရိမ်မှုတွေဟာ ပိုကြီးထွားလာခဲ့တယ်။

နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မွတ်စလင် ဘာသာဝင်များသာ ဖြစ်ရမယ်ဆိုတဲ့ စည်းမျဉ်းနဲ့အညီ
မလေးလူမျိုးများသာပါ၀င်တဲ့့ United Malays National Organization (UMNO) က National
Front ကို ဦးဆောင်နေတယ်။

UMNO ရဲ့ခေါင်းဆောင်ဟာ အလိုအလျောက် ၀န်ကြီးချုပ်ဖြစ်လာတဲ့အတွက် ဒီဝန်ကြီးချုပ်ရာထူးကို
နာဂျစ်ရာဇတ်က ယူထားတယ်။

ဖြစ်ချင်တော့ သူဟာ လောကီဆန်ဆန် မွတ်စလင်တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်တုန်းက သူ့ရဲ့
နေပုံထိုင်ပုံဟာ အစ္စလမ္မစ်မဆန်တာတော့ သေချာလောက်တယ်။

သူ့ဇာတိဖြစ်တဲ့ ပါဟန်းက ဆွေကြီးမျိုးကြီး လေးဦးမှာ သူလည်း တစ်ယောက်အနေနဲ့ ပါ၀င်တဲ့အပြင်
သူဟာ ၀န်ကြီးချုပ်ဟောင်း ရာဇတ်ဟူစိန်ရဲ့ သားလည်းဖြစ်၊ ရာဇတ်နေရာ ဆက်ခံတဲ့ ဟူစိန်အွန်းရဲ့
တူလည်းဖြစ်တယ်။

ဒီလို ဆွေကြီးမျိုးကြီးက ဆင်းသက်လာတာ ကြောင့်လား မပြောတတ်ဘူး။ နာဂျစ်ရာဇတ် ဟာ
သာမန်လူထုနဲ့ ဆက်ဆံတဲ့အခါမှာ အခက်အခဲရှိတယ်။

အထူးသဖြင့် UMNO ရဲ့ မလေး ကျေးလက်အချက်အချာ ပြည်နယ်တွေနဲ့ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့
Islamic Party of Malaysia (PAS) ဟာ အဲဒီဒေသတွေမှာ အင်အား ပိုကောင်းလာနေတယ်။

နာဂျစ်ဟာ အနောက်နိုင်ငံမှာ ပညာဆည်းပူးခဲ့တာရယ်၊ ရုပ်ရည်ကလည်း မလေးပုံစံမပေါက်တာရယ်၊
ပထမအိမ်ထောင်နဲ့ ကွာရှင်းခဲ့ပြီး နောက်အိမ်ထောင်ရှင်ကလည်း မလေးသူ မဆန်တဲ့အတွက်
ဒီအချက်တွေဟာ နာဂျစ်ကို အထောက်အကူမပြုတဲ့အပြင် ရှေးရိုးဆန်တဲ့ မွတ်စလင် မဲဆန္ဒရှင်တွေ
ကလည်း နာဂျစ်ကို ဂိုက်ဖမ်းသူ၊ အစ္စလမ္မစ်မဆန်သူလို့ မြင်ကြတယ်။

တရုတ်နဲ့ အိန္ဒိယလူမျိုး အသိုင်းအဝိုင်းတွေကိုလည်း ကိုယ့်ဘက်ပါအောင် မဆွဲဆောင်နိုင်တာ
ကြောင့် မေလက ရွေးကောက်ပွဲမှာ National Front ဟာ ၁၉၆၉ ခုနှစ်နောက်ပိုင်း အဆိုးဆုံး
ရလဒ်နဲ့ ကြံုတွေ့ခဲ့ရတာလည်း သိပ်တော့ ဆန်းမယ်မထင်ဘူး။

ဒီနှုန်းအတိုင်းသာသွားမယ်ဆိုရင် နောက်တစ်ကြိမ်မှာတော့ အာဏာဆုံးရှုံးမှာပဲ။ ဘယ်လိုလုပ်ကြ
မလဲ။

နာဂျစ် ၀န်ကြီးချုပ် ရာထူးမှာ မြဲနေချင်ရင် အချက်အချာ ဒေသတွေမှာရှိကြတဲ့ မလေးလူမျိုး
မဲဆန္ဒရှင်တွေ အမြင်မှာ UMNO ဟာ ဆွဲဆောင်မှုရှိလာအောင် လုပ်ဖို့ဆိုတာ နာဂျစ် နားလည်ဖို့
ပြောထားပြီးပြီ။

မလေးလူမျိုးဟာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းရှိတယ်။ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခု
ကတော့ UMNO ဟာ အစ္စလမ္မစ် တန်ဖိုးထားမှုတွေကို အားပေးထောက်ပံ့ဖို့ပဲဖြစ်တယ်။

ဒီအချက်ကိုဦးတည်ကာ UMNO မလေးစကားပြော ခရစ်ယာန်ဘာသာဝင်တွေက ဘုရားသခင်ကို
ရည်စူးပြီး "Allah" စကားလုံး သုံးခြင်းကို ပိတ်ပင်တားဆီးတာကို ထောက်ခံတယ်။

ဒါ့ပြင် ဘီယာသောက်တဲ့ အမျိုးသမီးကို ကြိမ်တုတ်နဲ့ ရိုက်တာကိုလည်း လျစ်လျူရှုထားပြီး
လိင်တူဝါဒ ဆန့်ကျင်မှုအပေါ် ပြင်းထန်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းလာတယ်။

ပိုပြီးအရေးပါလာတဲ့ အချက်ကတော့ အစ္စလမ္မစ်တွေ အတိုက်အခံပါတီက စွန့်ခဲ့ပြီး အစိုးရနဲ့
လက်တွဲဖို့ PAS ကို အကူအညီတောင်းတာပဲ ဖြစ်တယ်။

အခုဆိုရင်ပဲ ပါတီနှစ်ခုစလုံးဟာ ရှရီယာလို့ ခေါ်တဲ့ အစ္စလမ္မစ် ရာဇဝတ်ဥပဒေကို မလေးရှားမှာ
ပြဋ္ဌာန်းဖို့ နည်းလမ်းရှာနေကြတယ်။

ဒီကြိုးပမ်းမှု အောင်မြင်သွားခဲ့ရင် ခိုးမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ သို့မဟုတ် ဘီယာသောက်ခြင်း
တွေနဲ့ စွဲချက်တင်ခံရတဲ့ မလေးရှား လူမျိုး မွတ်စလင်ဘာသာဝင်တို့ဟာ ကျာပွတ်နဲ့ ရိုက်နှက်
အပြစ်ပေးခြင်း၊ ခဲဖြင့်အပေါက်ခံရခြင်းနဲ့ ခြေလက်အဖြတ်ခံရခြင်း စတဲ့ ပြစ်ဒဏ်တွေ ကျခံရမှာ
ဖြစ်တယ်။

ရှရီယာဥပဒေ ပြဋ္ဌာန်းနိုင်မယ့် အလားအလာကြောင့် လူမျိုးရေးနဲ့ ဘာသာရေးတင်းမာမှုတွေ
မြင့်တက်လာကာ နှစ်ဖက်စလုံးရဲ့ လေလုံးတွေဟာ ပြင်းထန်လာခဲ့တယ်။

ပြီးခဲ့တဲ့လက နာဂျစ်က သူ့လူတွေကို မုန်းတီးမှုတွေရပ်ဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် ဘာသာရေး
ကိုင်းရှိုင်းတဲ့သူတွေ မုန်းတီးမှု ပျိုးထောင်တာကို နှစ်သက်ကြတာကြောင့် နာဂျစ် ပြောတဲ့စကားတွေ
ကို နားမဝင်ကြဘူး။

၀မ်းနည်းဖို့ကောင်းတာက ပိုပြီးတင်းကျပ်လာတဲ့ အစ္စလာမ်ဘာသာ အခြေခံအုပ်ချုပ်ရေးကို
မလေးရှားနိုင်ငံက ဖက်လဲတကင်းလုပ်လာတာဟာ ဒီဒေသရဲ့ ဆော်ဒီအာရေဗျအဖြစ်
ကျရောက်မယ့် အန္တရာယ်ရှိလာနိုင်တယ်။

(ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာဖြစ်သည်။)
(MTE)
သောင်းညွန့် ဘာသာပြန်သည်။