ဂြိုဟ်တုဖုန်းဖြင့် ရုပ်/သံ ရိုက်ကူးသူ နိုင်ငံခြားသားအုပ်စုကို အိန္ဒိယရဲ ဖမ်း

ဂြိုဟ်တုဖုန်းဖြင့် ရုပ်/သံ ရိုက်ကူးသူ နိုင်ငံခြားသားအုပ်စုကို အိန္ဒိယရဲ ဖမ်း

ကိုလ်ကတ္တား - ဖြစ်ရပ်မှန် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ရိုက်ကူးနေသော နိုင်ငံခြားသား
၄၉ ဦးအုပ်စုကို ဂြိုဟ်တုဖုန်းများ တရားမဝင်ကိုင်ဆောင်မှုဖြင့် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း
ထားကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ရဲအရာရှိတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း ကားကြံုစီးပြိုင်သူများကို မှတ်တမ်းတင်ရိုက်ကူးသည့် Peking Express ဆိုသည့်
ဥရောပ၌ပြသသည့် အစီအစဉ်တစ်ခုကို ရိုက်ကူးနေပုံရသော အနောက် ဘင်္ဂလားပြည်နယ်တွင်
နိုင်ငံခြားသားတို့ထံမှ ဖုန်းများကို ရဲက သိမ်းဆည်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုလ်ကတ္တား၏ မြောက်ဘက် ကီလိုမီတာ ၆၇၀ (၄၁၆ မိုင်) ကွာဝေးသည့် ချယ်လ်ဆာမြို့ရှိ
အပန်းဖြေစခန်းတွင် ကျူးကျော်ဝင်ရောက်မှုတစ်ခု ပေါ်ပေါက်ပြီးနောက် ဖေဖော်ဝါရီ ၈ ရက်တွင်
မသင်္ကာစရာ အဆိုပါအုပ်စုကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဂျယ်လ်ပိုင်ဂူရီခရိုင်မှ
ရဲမှူး ခူနယ်လ်အဂ္ဂါ၀ယ်လ်က ပြောသည်။

"ဖြစ်ရပ်မှန်အစီအစဉ်တစ်ခု ရိုက်ကူးနေတဲ့ နိုင်ငံခြားသား ၄၉ ဦးအုပ်စုရှိရာ ချယ်လ်ဆာက
အပန်းဖြေစခန်းတစ်ခုကို ရဲတွေ ၀င်ရောက် စီးနင်းပြီး နိုင်ငံတွင်းမှာ တရားမဝင် ခိုးကြောင်ခိုးဝှက်
အသုံးပြုနေတဲ့ ဂြိုဟ်တုဖုန်း ၂၂ လုံးကိုလည်း သိမ်းယူခဲ့တယ်" ဟု အဂ္ဂါ၀ယ်လ်က အေအက်ဖ်ပီသို့
ပြောကြားခဲ့သည်။

"ဖမ်းမိတဲ့နိုင်ငံခြားသားတွေထဲမှာ ဘယ်လ်ဂျီယံနိုင်ငံက ၁၀ ဦး၊ ပြင်သစ်က ၃၃ ဦး၊ နယ်သာလန်က
နှစ်ဦး၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတို့က တစ်ဦးစီ ပါ၀င်ပါတယ်။ နိုင်ငံခြားသားတွေနဲ့အတူ
အိန္ဒိယလူမျိုး ၃၃ ဦး ကိုလည်း ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်" ဟု ၎င်းက
ပြောသည်။

အဆိုပါအုပ်စုသည် ဂြိုဟ်တုဖုန်းများ တရားမဝင် ကိုင်ဆောင်မှုနှင့် အိန္ဒိယ အာဏာပိုင်များထံ
ခွင့်ပြုချက်မတောင်းသည့် အမှုတို့ဖြင့် အစောပိုင်း စွပ်စွဲမှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး ပြစ်မှု
ထင်ရှားပါက ထောင်ဒဏ်နှစ်နှစ်နှင့် ဒဏ်ငွေကျခံရမည်ဖြစ်ကြောင်း အဂ္ဂါ၀ယ်လ်က ပြောသည်။

အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယား ပြည်နယ်တွင် သောင်းကျန်းသူများထကြွနေသလို မော့ဆစ်
သူပုန်များကလည်း တိုင်းပြည်နေရာအနှ့ံ ဆူပူနေသောကြောင့် လိုင်စင်မရှိဘဲ ဂြိုဟ်တုဖုန်းများ
အသုံးပြုခြင်းကို အိန္ဒိယတွင် တားမြစ်ထားပြီး အထူးသဖြင့် နိုင်ငံလုံခြံုရေးအတွက်ဖြစ်သည်။

အစ္စလမ္မစ် လက်နက်ကိုင်များသည် ၂၀၀၈ ခုနှစ်က မွမ်ဘိုင်း၌ သုံးရက်ကြာ ကျူးကျော်တိုက်ခိုက်မှု
များ ပြုလုပ်ရာတွင် အချိတ်အဆက်မိရန် မိုဘိုင်းဖုန်းနှင့် ဂြိုဟ်တုဖုန်းများကို အသုံးပြုခဲ့ရာ
လူ ၁၆၆ ဦး သေဆုံးခဲ့သည်။

မသင်္ကာစရာ အဆိုပါ နိုင်ငံခြားသားအုပ်စုသည် ပြင်သစ်တွင် Peking Express ဆိုသည့်
ရုပ်မြင်သံကြားအစီအစဉ် ထုတ်လွှင့်ရန် ရိုက်ကူးခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ရ ရက်တွင် ချယ်လ်ဆာသို့
မရောက်မီ မြန်မာနှင့် နီပေါနိုင်ငံတို့တွင် ရိုက်ကူးပြီးဖြစ်သည်ဟု ရဲအရာရှိက ပြောသည်။

ချယ်လ်ဆာသည် အိန္ဒိယရှိ ဟိမဝန္တာတောင်ခြေမှ မြို့ငယ်တစ်မြို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊
ဘူတန်နယ်စပ်တို့နှင့် ကပ်လျက်ရှိသည်။

(အေအက်ဖ်ပီ)